နစ်နာကြေး ကျပ် သိန်း ၅၀၀ ဖြင့် ညှိနှိုင်းကျေအေး

၂၅.၅.၂၀၂၄
Written By Zun

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာတွင်  အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးကို မြေစာ သယ်ကား တက်ကြိတ်မိခဲ့သောကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ မေလ ၂၅ ရက် နံနက်ပိုင်းက ဖားကန့်မြို့နယ်၊ မှော်စီစာ စိန်စိန်မြေစာပုံတွင် မြေစာလာရောက် စွန့်ပစ်သောကားက အထက်ပါအတိုင်း တက်ကြိတ်ခဲ့မိခြင်းဖြစ်ကြောင်း ဖားကန့်ဒေသခံက MT News ကို မေလ ၂၅ ရက် မွန်းလွဲပိုင်းက ပြောသည်။

သေဆုံးသွားသော မိန်းကလေးမှာ ငြိမ်းချမ်းသာယာရပ်ကွက်တွင် နေထိုင်သည့် မကေးကေး ဆိုသူ ဖြစ်ကြောင်း၊ ဖားကန့်လူမှုကူညီရေးအသင်းမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

“သူက ညီအစ်မ ၃ ယောက်ထဲမှာအငယ်ဆုံး။ အခု ၉ တန်းတက်မယ့်ကျောင်းသူ။ အသက် ၁၇ နှစ် မကေးကေး လို့ခေါ် တယ်။ မနက်က သူ့အစ်မ အလုပ်လုပ်တဲ့နေရာကို လိုက်ပို့ပြီး အပြန်မှာ ဖြစ်တာ။ မြေသယ်ကားကြိတ်တာ ခံလိုက်ရတာပေါ့။ နောက်ဘီး နှစ်ဘီးကြားမှာ ခေါင်းတစ်ခြမ်း ပျက်စီးသွားတယ်။ ဖြစ်စဉ်ကို ပြန်သုံးသပ်ရတာကတော့ အဲဒီ လမ်းမှာ ကုမ္ပဏီတွေက ဖုန်တွေကို သိပ်အောင်ဆိုပြီးတော့ ရေကားတွေနဲ့ ရေဖြန်းထားတယ်။ အဲဒီလို ဖြန်းထားကြောင့် မြေကြီးပေါ်မှာ ဆိုင်ကယ်ဘီးချော်ပြီးတော့ လဲကျတာ ဖြစ်နိုင်တယ်။ လဲကျချိန်မှာ မြေစွန့်တဲ့ ကားကလည်း အလာဆိုတော့ အဲဒီလို ဖြစ်တာလို့ ယူဆရပါတယ်”ဟု ယင်းက ပြောပြသည်။

လက်ရှိတွင် အဆိုပါ ကားပိုင်ရှင် ကုမ္ပဏီနှင့် ညှိနှိုင်းချက်အရ နစ်နာကြေးအဖြစ် သေဆုံးသူ အမျိုးသမီးငယ်၏ မိသားစုကို နာရေးစရိတ်အပါအဝင် ငွေကျပ် သိန်း ၅၀၀ ပေးမည်ဖြစ်ကြောင်း MT News က စုံစမ်း သိရှိရသည်။

ပြီးခဲ့သည့် မေလ (၂၁)  ရက်၊ ညနေ ၃ နာရီခန့်ကလည်း ဖားကန့်မြို့နယ်၊ မရှီကထောင်ကျေးရွာတွင် အသက် (၄၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး ကားကြိတ်ခံရ၍ သေဆုံးမှု ဖြစ်ပွားခဲ့သေးသည်။

Leave a Reply

Your email address will not be published. Required fields are marked *