၂၅.၅.၂၀၂၄
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံသား ၂၀ ဦးမှာ ၎င်းတို့အား ထိုင်းနိုင်ငံတွင်အလုပ်အကိုင်များရမည်ဟု ကတိပြုပြောကြားချက်များအောက်တွင် လိုက်ပါသွားခဲ့ကြပြီးနောက် လူမှုကွန်ရက်တွင် တွေ့ရှိရသောဗီဒီယိုနှစ်ခုအရ ၎င်းတို့မှာ မြန်မာနိုင်ငံအတွင်းသောင်တင်လျက်ရှိကာ အဓမ္မခိုင်းစေ ကျွန်ပြုခံနေရသည်ဟု ယူဆရသဖြင့် အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနမှ ၎င်းတို့လွတ်မြောက်ရေးကြိုးပမ်းလျက်ရှိကြောင်းသိရသည်။

အဆိုပါအလုပ်သမားများ၏ မိသားစုဝင်များကလည်း ထိုသတင်းမှန်ကန်ကြောင်း အတည်ပြုခဲ့ကြပြီး ဘီဂျေပီ ပါတီမှ လွှတ်တော်အမတ် ပရာဒိ ချောင်ဒရီနှင့်ပူးတွဲကာ ပြည်ပရေးရာဝန်ကြီး အက်စ် ဂျေရှန်ကာ ထံစာရေးသားတင်ပြထားကြောင်းလည်း ပြောခဲ့ကြသည်။

၎င်းတို့ထဲမှ အလုပ်သမားတစ်ဦးက ရိုက်ကူးခဲ့သည်ဟုလည်းဆိုသော ဗီဒီယိုနှစ်ခုက လူမှုကွန်ရက်တွင် ပေါ်ထွက်လာခဲ့ရာ ၎င်းတို့မြန်မာနိုင်ငံအတွင်း အတိဒုက္ခရောက်နေရသည့်အခြေအနေကိုလည်း တွေ့ခဲ့ကြရသည်။ကြောက်ရွံ့ထိတ်လန့်ဖွယ် ဗီဒီယိုဇတ်လမ်းတစ်ခုအတွင်း အလုပ်သမားတစ်ဦးက “ကျွန်တော်တို့ထဲက တစ်ယောက်ကတော့ သေဆုံးခဲ့ရပြီ။ မိန်းကလေးတစ်တစ်ယောက်ဆိုလည်း ခေါင်းမှာပြင်းထန်ဒဏ်ရာတွေ ရထားတယ်” ဟုပြောခဲ့သည်။

၎င်းအလုပ်သမားများကို ဒူဘိုင်းမြို့အခြေစိုက် လူပွဲစားတစ်ဦးက ဖြားယောင်းခေါ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှာ မြန်မာနိုင်ငံအတွင်းဖမ်းဆီးခံထားရကာ နေ့စဉ်ပင် ၎င်းတို့အပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်ခိုင်းစေခြင်းခံနေရသည်ဟုလည်း သိရသည်။ ဖမ်းဆီးခံထားရသူများအနက် တစ်ဦးဖြစ်သော ကူလ်ဒစ် ကူမားက လူမှုကွန်ရက်တွင်တင်ခဲ့သော ဗီဒီယိုနှစ်ခုအရလည်း ၎င်းတို့၏ဝေဒနာများနှင့် ဒဏ်ရာရရှိထားမှုများကို တွေ့ကြရသည်။ မကြာမီ ကူညီမှုမရရှိပါက ၎င်းတို့အဖို့ အခြေအနေပိုမိုဆိုးဝါးနိုင်သည်ဟုလည်း ဗီဒီယိုတွင် ပြောကြားခဲ့သည်။

လူမှုကွန်ရက်ရှိ ၈၃ စက္ကန့်ကြာ ဗီဒီယိုတစ်ခုတွင် ကူလ်ဒစ် က “ကျွန်တော်တို့မိသားစုတွေက ပြည်ပရေးရာဝန်ကြီးဌာနကို အ‌ကြောင်းကြားခဲ့တယ်ဆိုပေမယ့် ဘာအကူအညီမှမရသေးဘူး။ တစ်ယောက်လည်း သေရပြီ။သူတို့ ကျွန်တော်တို့ကို သတ်ရင်သတ်မယ်။ ဒါမှမဟုတ် ပြင်းပြင်းထန်ထန်နှိပ်စက်လိမ့်မယ်” ဟု ပြောခဲ့သည်။

ထို့ပြင် ကူလ်ဒစ် က “ တစ်နေ့ကို စားစရာဆန်နှစ်ခွက်ရဖို့ ကျွန်တော်တို့ ၁၈ နာရီလောက်လုပ်ရတယ်။ ဒါကိုငြင်းခဲ့ရင် ကျွန်တော်တို့အရိုက်ခံရမယ်။ ဆယ်ကီလိုမီတာလောက်ခရီးကိုပြေးခိုင်းပြီး ဒဏ်ပေးတယ်။ ကျွန်တော်တို့ကိုကယ်ဆယ်ဖို့ အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနကိုတောင်းပန်ပါတယ်”ဟု ဆက်လက်ပြောသည်။

ကူလ်ဒစ်၏ ညီဖြစ်သူ ရာဟူလ်ကူးမာာက ကူလ်ဒစ်က အဆိုပါဗီဒီယိုများကို လျှို့ဝှက်၍ ယူသွားသော ဖုန်းတစ်ခုဖြင့်မှတ်တမ်းတင်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းက ဧပြီလ ၂၂ ရက်တွင် ဒေလီမှ ထိုင်းနိုင်ငံ၊ ဘန်ကောက်သို့ရောက်ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံနှင့်နယ်စပ်ရှိ မဲဆောက်မြို့သို့ခေါ် ဆောင်သွားခြင်းခံရကာ ထိုမှမြန်မာနိုင်ငံ၊ မြဝတီမြို့နယ်အတွင်း သစ်တောတစ်ခုအတွင်းသို့ မျက်စိကိုအဝတ်ဖြင့် စည်း၍ ခေါ်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုနေရာက မဲဆောက်လေဆိပ်နှင့် ကီလိုမီတာ ၁၀၀ ခန်ကွာဝေးကာ မြန်မာနိုင်ငံအတွင်းတွင်ဟုသိရကြောင်း၊ ထိုကုမ္ပဏီက အိန္ဒိယနိုင်ငံသားများကို တစ်ဦးလျှင် ဒေါ်လာ ၇,၅၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဟုပြောခဲ့ကြောင်း Times of India သတင်းဌာနကိုပြောသွားခဲ့သည်။

Ref-The Times of India

Leave a Reply

Your email address will not be published. Required fields are marked *