၂၅.၅.၂၀၂၄
Written By Zun

မကွေးမြို့၊ ကန်သာမင်္ဂလာကန်အတွင်း ထောင်နှင့်ချီသောငါးများ သေဆုံးမှုတစ်ခု ယနေ့ မေလ ၂၅ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

“မနက်က သေတာ။ အဲဒီကန်မှာ မွေးထားတဲ့ ငါးတွေပေါ့။ အဓိက သေရတဲ့အကြောင်းရင်းကို မသိရသေးဘူး။ ငါးလုပ်ငန်းက စစ်ဆေးတာ လုပ်မယ်ထင်ပါတယ်။ ကျွန်တော်တို့ ယူဆချက်ကတော့ ရေသန့်ရှင်းမှုမရှိလို့ သေတာပဲလို့ ထင်ပါတယ်ဗျ။ အဆိပ်ချတာ ဘာညာပြောနေသူတွေက ပြောတာပေါ့လေ။ ဒါပေမဲ့ မဖြစ်နိုင်ပါဘူးဗျ”ဟု မကွေးမြို့ခံတစ်ဦးက MT News ကို ပြောသည်။

ယခုအခါ အဆိုပါသေဆုံးနေသော ငါးများကို ရောင်းချရန် လာရောက်ကောက်ယူနေသူများလည်း ရှိနေကြောင်းလည်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ လူမှုရေးအသင်းတွေက လိုက်ပြောနေပါတယ်။ ဒီငါးတွေကို ဟင်းစားမလုပ်ဖို့ပါ။ ဒီမှာ လာဆယ်ယူနေသူတွေက ရောင်းမယ့်သူလည်း ပါသလို စားမယ့်သူလည်း ပါတယ်ဗျ။ လူတွေက ခက်ပါတယ်ဗျာ”ဟု အဆိုပါဒေသခံက MT News ကို ထပ်လောင်းပြောပြသည်။

သေဆုံးသော ငါးအမျိုးအစားများမှာ မြက်စားငါးကြင်း၊ တီလားဗီးယားငါးမျိုးများ အများဆုံးသေဆုံးသွားကြပြီး ငါးတွေသေဆုံးသည့် အကြောင်းအရင်းကိုတော့ မသိရသေးကြောင်း၊ ခန့်မှန်းအကောင်ရေ ၅၀၀၀ ကျော်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရပြီး ယခင်ကလည်း ကန်သာမင်္ဂလာတော်တွင် ငါးများသေဆုံးမှုဖြစ်စဉ်ရှိခဲ့ဖူးကြောင်း သိရသည်။

Photo-Myo Zaw Oo

Leave a Reply

Your email address will not be published. Required fields are marked *