◾ ဝေမိုးနိုင်ကိုဖမ်းဆီးသည့် အဓိကတရားခံ၊ ငွေညှစ်သည်ဆိုသည့် စွပ်စွဲချက်များ မမှန်ကန်ဘဲ ဦးဝင်းနိုင်မှာ ၂၀၂၁ ခုနှစ်ထဲက ပင်စင်မယူဘဲ နုတ်ထွက်ထားသူဖြစ်နေ

၂၅. ၅. ၂၀၂၄
Written by Nay Moe

ရဲတပ်ဖွဲ့ဝင်ဟောင်းဦးဝင်းနိုင်ကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မုံရွာပလဖ)က ဖမ်းဆီးသွားပြီးနောက်မှာ ကျပ်သိန်း ၂၀၀ ပေးဖို့ ခြိမ်းခြောက်လာသလို ပြန်ပေးဆွဲငွေကျပ် သိန်း ၂၀၀ နဲ့မရွေးနိုင်ရင် သတ်ပစ်မယ်လို့ပါ ခြိမ်းခြောက်တယ်လို့ ဇနီးဖြစ်သူ ဒေါ်ခင်စန်းလွင်က MT News ကို ပြောသလို မုံရွာပလဖအဖွဲ့က စွပ်စွဲထားတဲ့အချက်တွေဖြစ်တဲ့ ဝေမိုးနိုင်ကို ဖမ်းဆီးတဲ့ အဓိကတရားခံ၊ ချမ်းသာကြွယ်ဝတဲ့သူတွေ ဖမ်းဆီးငွေညှစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကလည်း မမှန်ကန်ဘဲ ဦးဝင်းနိုင်ဟာ ၂၀၂၁ ခုနှစ်ထဲက ပင်စင်မယူဘဲ နုတ်ထွက်ထားသူဖြစ်တယ်လို့ ပြောပါတယ်။

မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(မုံရွာပလဖ)ဟာ မုံရွာခရိုင် မှူခင်းဌာနက တွဲဘက်တာဝန်နဲ့ အသွင်ယူတာဝန်ထမ်းဆောင်နေတဲ့ရဲအရာခံဝင်းနိုင်ကို မေလ ၁၉ ရက်မှာ မုံရွာမြို့ပေါ်အထိ တက်ပြီးဖမ်းဆီးလာခဲ့တာလို့ မနေ့ကထုတ်ပြန်ခဲ့ပြီး ဒီ ဖမ်းဆီးမှုကို မုံရွာပလဖအဖွဲ့ဒုတာဝန်ခံ သီဟနဲ့ ရပ်ကျေးပလဖ ဒုတာဝန်ခံတို့က လုပ်ဆောင်ခဲ့သလို “ရဲအရာခံဝင်းနိုင်ဟာ ‌မုံရွာပင်မသပိတ်ခေါင်းဆောင် ဝေမိုးနိုင်ဖမ်းဆီးခံရမှုမှာ အဓိကလက်ထောက်ချသတင်းပေးခဲ့သူ၊ ငွေကြေးချမ်းသာသူတွေ ပစ်မှတ်ထားပြီး ဖမ်းဆီးငွေညှစ်တောင်းခံနေသူ၊ နောက်ထပ်ငွေကြေးချမ်းသာသူတွေ ပစ်မှတ်ထားနေတာကြောင့် ဖမ်းဆီးတယ်လို့ ထုတ်ပြန်ခဲ့တာပါ။

မုံရွာပလဖအဖွဲ့ ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ဇနီးဖြစ်သူဒေါ်ခင်စန်းလွင်က “လတ်တစ်လော ခေတ်သစ်မီဒီယာတွင် တင်ထားသော သတင်းသည်မဟုတ်မမှန် ကျွန်မတို့စွပ်စွဲခံရသော သတင်းတစ်ခုဖြစ်သည်။ ကျွန်မတို့ ရိုးသားစွာ လုပ်ကိုင်စားသောက်နေသည်မှာ ကြာပါပြီ ၁၉.၅.၂၀၂၄ မနက် ၉ နာရီဝန်းကျင်တွင် ဆိုက်တွဲဖြင့် လူ ၅ ယောက်ရောက်လာပြီး ဈေးဝယ်သလို ဟိုပစ္စည်းကိုင်ကြည့် ဒီပစ္စည်းကိုင်ကြည့်သလိုနဲ့ အနောက်ထဲကိုအတင်းတိုး၀င်ကာ ဗိုလ်လေးရှိလားးမေးမြန်းပြီး အိမ်ထဲကိုအတင်းဝင်လာပါသည် ထို့နောက် ကျွန်မယောကျာ်းအား လက်ထိပ်ခတ်၍ အကုန်မွှေနောက်ရှာဖွေပါသည် သေနတ်ရှိလား ကားရှိလားဟုမေးပါသည် ကျွန်မယောကျာ်း ခါးအရိုးကျီးပေါင်းရောဂါဖြင့် ခွဲစိတ်ရမည်ဖြစ်သည်အတွက် ရဲဝန်ထမ်းဘဝမှအပြီးပိုင်နုတ်ထွက်လာသည်မှာ ၃ နှစ်ကျော်ပါပြီ လက်ထိပ်ခေတ်သောကြောင့် ကျွန်မယောကျာ်းသည် ငါ့ကိုလက်ထိပ်မခတ်နဲ့ မင်းတို့မေးစရာရှိရင် ငါအေးဆေးလိုက်ခဲ့မည် ငါဘာမှလုပ်ထားတာမဟုတ်ဘူးဟု ဆိုပါသည် ထို့နောက် ဖမ်းဆီးခေါ်ဆောင်သွားပါသည် နာရီပိုင်းကြာတွင် ကျွန်မယောကျာ်းဖုန်းဖြင့် ဆက်သွယ်ပါသည် သိန်း၂၀၀ နဲ့လာရွေးပါ မရွေးလျှင်သတ်ပစ်မည်ဟုဆိုပါသည် ကျွန်မတို့မှာ သူအရိုးကျီးပေါင်းဖြင့်ဆေးကုနေရသည်သောကြောင့် ကျွန်မတို့မှာအိမ်ရောဝင်းရောကုန်သွားပါပြီ ယခုငပိဆိုင်လေးဆိုသည်မှာလည်း ငှားထားပါသည် ၂၀၂၁ ခုနှစ်ထဲက ဘာပင်စင်မှမယူဘဲ နုတ်ထွက်ခဲ့တာပါရှင် ခုလိုမဟုတ်မမှန် စွပ်ဆွဲသော ပြည့်သူ့လုံခြုံရေးအဖွဲ့ ဒုတိယတာဝန်ခံ ဦးသီဟနှင့်တိုက်ရိုက်ဖြေရှင်းခြင်းပါသည်။ ခေတ်သစ်မီဒီယာလည်း ကျွန်မကိုလာရောက်ဆက်သွယ်ပါ။ 09400523346” လို့ လူမှုကွန်ရက်မှာ မနေ့က တုံ့ပြန်ခဲ့တာပါ။

MT News သတင်းဌာနအနေနဲ့ ဒေါ်ခန်စန်းလွင်ကို ဆက်သွယ်ရာမှာ ဦးဝင်းနိုင်ဟာ ၂၀၂၁ ခုနှစ်ကတည်းက ပင်စင်မရ ကျန်းမာရေးကြောင့်အနားယူပြီး နေအိမ်စီးပွားရေးဖြစ်တဲ့ ငါးပိချက်မှုကိုပဲလုပ်နေသူဖြစ်သလို မုံရွာပလဖအဖွဲ့ပြောဆိုမှုနဲ့ ခေတ်သစ်မီဒီယာရေးသားမှုတွေ မမှန်ကြောင်း၊ လက်ရှိအချိန်အထိ ခေတ်သစ်ကလည်းမဆက်သွယ်သလို မုံရွာပလဖအဖွဲ့ကလည်း သိန်း ၂၀၀ မပေးရင် ဦးဝင်းနိုင်ကို သတ်ပစ်မယ်လို့ခြိမ်းခြောက်သွားပြီးကတည်းက ဆက်သွယ်မရကြောင်း ပြောပါတယ်။

“ကျွန်မယောကျ်ားကို ဖမ်းသွားပြီး သိန်း ၂၀၀ တောင်းတယ်။ မပေးရင် သတ်ပစ်မယ်ပြောတယ်။ ဘယ်လိုလုပ်ပေးနိုင်မှာလဲကွယ်။ ကျွန်မတို့က ငပိလေးရောင်းစားနေရတာပါကွယ်လို့ အဲဒီလိုပြောလိုက်တာ။ အဲဒီကတည်းက မဆက်သွယ်ဘူး။ မုံရွာပလဖကလည်း မဆက်သွယ်ဘူး။ ခေတ်သစ်ကလည်း မဆက်သွယ်ဘူး။ ဘီဘီစီကတော့ ဆက်သွယ်တယ်။ ကျွန်မယောကျ်ားက ၂၀၂၁ ကတည်းက နုတ်ထွက်တာ။ ဘာမှမရဘူး။ ပင်စင်လည်းမရဘူး။ ကျန်းမာရေးမကောင်းလို့ ခါးကျီးပေါင်းဖြစ်လို့ နုတ်ထွက်တာ။ သူတို့စွပ်စွဲထားတာတွေကလည်း မဟုတ်ဘူးရှင့်။ ကျွန်မအမျိုးသားက ရိုးသားတယ်။ ဘယ်မှလည်း မထွက်ဘူး။ နောက်ဖေးမှာ ငပိပဲချက်ပေးတာ။ သူက ဧရာဝတီတိုင်းသားရှင့်။ မုံရွာပလဖအဖွဲ့က အခုထိဆက်သွယ်လို့မရဘူး။ ကျွန်မကိုကူညီပါဦးရှင့်။ ကျွန်မအမျိုးသားကို သေနတ်နဲ့ထောက်ခေါ်သွားတာလည်းမဟုတ်ဘူး။ သူ့ကိုသေနတ်ရှိလားမေးတယ်။ မရှိဘူးပြောတော့ ဒီအတိုင်းခေါ်သွားတာ။ သူကလည်းအေးဆေးလိုက်သွားတာ။ ဘာလို့လိုက်သွားလဲ အပြစ်တင်နေကြတာပေါ့။ သူကရဲသာလုပ်တာ ကြောက်တတ်တယ်၊ ရိုးတယ်။ ကူညီပေးနိုင်ရင်လည်း ကူညီပေးကြပါဦးရှင့်”လို့ ဒေါ်ခင်စန်းလွင်က သူမခင်ပွန်းလွတ်မြောက်ဖို့ အကူအညီတောင်းခံပါတယ်။

PDF အဖွဲ့တွေရဲ့ အဓိကဝင်ငွေအနေနဲ့ ရဲ၊ တပ်မတော်သား ဝန်ထမ်းဟောင်းတွေ၊ ပြည်ခိုင်ဖြိုးပါတီဝင်တွေ၊ နိုင်ငံဝန်ထမ်းတွေနဲ့ ရပ်ကျေးတွေ၊ ချဲရောင်း၊ သစ်မှောင်ခိုကူးစတဲ့ဥပဒေနဲ့မလွတ်ကင်းသူတွေကို ခြိမ်းခြောက်ဖမ်းဆီး ပြန်ပေးဆွဲငွေကြေးတောင်းခံမှုက အဓိကရနေတာဖြစ်ပြီး ဒီလိုခြိမ်းခြောက်ပြန်ပေးဆွဲမှုနဲ့ ရန်ပုံငွေရှာဖွေတဲ့လုပ်ရပ်က မလုပ်အပ်ဘူးလို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတစ်ဖွဲ့ကပဲ ကြေညာစာထုတ်ထားပေမဲ့ ကျန်တဲ့အဖွဲ့ ၄၀၀ ကျော်ကတော့ စာထုတ်ပြန်တားဆီးတာမရှိသလို ဆက်လက်ဖမ်းဆီးငွေတောင်းခံမှုတွေ လုပ်နေဆဲပါ။

ရဲအရာခံ(ငြိမ်း) ဝင်းနိုင်ကို ဖမ်းဆီးသွားတဲ့ မုံရွာပလဖအဖွဲ့ကို သူတို့ခြိမ်းခြောက်ငွေတောင်းခံ ပြန်ပေးဆွဲတာနဲ့ပတ်သက်ပြီး MT News သတင်းဌာနက ဦးဝင်းနိုင်ကို သတ်ဖြတ်လိုက်မှု ရှိ မရှိ ဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည်ဖြေဆိုမှုတော့ မရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *