၁၈. ၁၂. ၂၀၂၂

MT News Editorial

နိုင်ငံရေးအကျဥ်းသားဟု ခေါ်ဆိုကြသူများ၏ မိသားစုများ ထောင်ဝင်စာလာတွေ့ချိန် အင်းစိန်ထောင်အား ဗုံးခွဲခဲ့သည့် STA-PDF(Special Task Agency of Burma) အဖွဲ့၏ အသိဉာဏ်မဲ့လုပ်ရပ်အား ပြည်သူများ မှတ်မိကြပေလိမ့်မည်။

STA-PDF အဖွဲ့၏ အသိဉာဏ်မဲ့ အဆင်ခြင်မဲ့လုပ်ရပ်ကြောင့် နိုင်ကျဥ်းဟောင်းနှင့် ဗကသဟောင်း ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်း၏ မိခင်အပါအဝင် ယုံကြည်ချက်အတွက် တိုက်ပွဲဝင်နေသူအချို့၏ မိခင်များ ဗုံးဆံထိသေဆုံးခဲ့လေရာ ကနဦးတွင် SAC ၏ လခရများလုပ်ဆောင်သည်ဟု လွှဲချခဲ့သော်ငြား STA- PDF အဖွဲ့က ယင်းတို့လုပ်ဆောင်ခဲ့ကြောင်း ဝန်ခံချက်ထုတ်ပြီးနောက် PDF များ၊ နိုင်ကျဥ်းများက ရှုတ်ချမှုများ ပြုလုပ်ခဲ့သလို NUG ကလည်း စစ်ဆေးအရေးယူမည် ထုတ်ပြန်ခဲ့ရပေသည်။

သို့သော် ပြည်သူလူထုအကြား အထင်လွဲ၊ အမုန်းပွားမှုများ ထပ်မံကြီးစိုးစေလိုသည့် ယုတ်ညံ့သော ပြည်ပထောက်ပံ့ခံအဖွဲ့အစည်းအချို့က STA-PDF များ ဗုံးခွဲသဖြင့် ဗုံးဆံထိမှန်သေဆုံးသူများကို လခရပစ်သည့် ကျည်ထိမှန်သေဆုံးသည်ဟု သတင်းမှားထုတ်လွှင့်ကြရာ သေဆုံးသူများ၏ ရုပ်အလောင်းများကို တာဝန်ရှိသူများက ထုတ်ပေးချိန် ဗုံးဆံထိမှန်ရာများဖြင့်သာ သေဆုံးနေသည်တွေ့ချိန်မှ သတင်းမှားထုတ်မှုများ ရပ်တန့်ခဲ့​သည်။

သို့သော် STA-PDF အဖွဲ့၏ မှားယွင်းသော ထိုလုပ်ရပ်ကို အရေးယူမည် ထုတ်ပြန်ခဲ့သည့် NUG မှာ ဆက်လက်စုံစမ်းဖော်ထုတ်မှုမရှိတော့ဘဲ မသိကျိုးကျွံပြုလုပ်နေသည်ကိုလည်း တွေ့ရပေသည်။

(ဒီဇင်ဘာ ၁၈ ရက်) တွင်လည်း ထိုသို့အလားတူ ပန်းဆိုးတန်း-ဒလ ပြေးဆွဲသည့် ချယ်ရီသင်္ဘော (၁) အား ဗုံးခွဲလေရာ ပြည်သူ ငါးဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့သည်ဟု ကနဦးသိရပေသည်။

ထိုသို့ ဖြစ်စဥ်အပြီး လုပ်​ဆောင်သည့် PDF အဖွဲ့က ဝန်ခံချက်မထုတ်သော်ငြား People Defence Force (Dala) အဖွဲ့ကမူ သူတို့၏ လုပ်ဆောင်ချက်မဟုတ်ကြောင်း အလျင်အမြန်ငြင်းချက်ထုတ်ခဲ့သလို ခါတိုင်းကဲ့သို့ SAC ၏ လခရများ လုပ်ဆောင်သည်ဟု လွှဲမချခဲ့ခြင်းကို ထောက်ချင့်ပါက လုပ်ဆောင်သည့်အဖွဲ့ကို ဒလ(PDF) များ သိရှိသည်ဟု ယူဆနိုင်သည့် သဘောသက်ရောက်ပေသည်။

ပန်းဆိုးတန်း-ဒလ ပြေးဆွဲသည့် သင်္ဘောများကို အားထားရပြီး စက်ဘီးဖြင့်လာရောက်သူအများစုမှာ စားဝတ်နေရေးအတွက် မသေရုံတမယ်ရုန်းကန်နေရပြီး ကားခ၊ ဆိုင်ကယ်ခ၊ ကယ်ရီခပင်မတတ်နိုင်သဖြင့် စက်ဘီးနှင့် မိုင်ဆယ်ချီလာရောက် လုပ်ကိုင်စားသောက်ကြရသည့် အခြေခံလူတန်းစားများသာဖြစ်ပေသည်။

ထိုသို့သော အခြေခံလူတန်းစားများကို SAC ပြေးဆွဲသည့် သင်္ဘောစီးပြီး SAC ဝင်ငွေရအောင်လုပ်ပေးသည့် ယူဆချက်ဖြင့် ဗုံးခွဲမှုမှာ မည်သို့အကျိုးရပေမည်နည်း။

SAC လက်ထက်ဝယ် အများပြည်သူကျီးလန့်စာစားနေရသည်ဟု ပြောကြရုံမှအပ မည်သည့်အကျိုးအမြတ်မျှရမည်ဟု MT News သတင်းဌာနက မယူဆသလို အများပြည်သူများအကြား အသိဉာဏ်နည်းပါးစွာ ဗုံးခွဲမှုများကိုလည်း MT News သတင်းဌာနက ပြင်းထန်စွာရှုတ်ချကန့်ကွက်ပါသည်။

ထို့အတူ ခင်ပွန်းဖြစ်သူကိုဂျင်မီ ကြိုးပေးခံရသည့်ကြားမှပင် အင်းစိန်ထောင်ကို ဗုံးခွဲသူများအား SAC က အရေးယူပေးရန် ဇနီးဖြစ်သူ ဒေါ်နီလာသိန်းက ပန်ကြားသကဲ့သို့သော နှလုံးသားဖြင့်၊ အများပြည်သူအကြားဗုံးခွဲသော STA အဖွဲ့လုပ်ရပ်များကို ကန့်ကွက်ကြသော PDF များ၏ စာလွှာများဖြင့် ရှုတ်ချတောင်းဆိုမှုကဲ့သို့ ဒလသင်္ဘောအား ဗုံးခွဲသော PDF များကိုလည်း ဝိုင်းဝန်းရှုတ်ချပါရန်နှင့် အများပြည်သူအကြားဗုံးခွဲမှုများကို လုံးဝလက်မခံသောမူများဖြင့် ရပ်တည်ပေးပါရန် NUG, PDF များ အပါအဝင် လက်နက်ကိုင်သူအားလုံးကို MT News သတင်းဌာနက တောင်းဆိုလိုပါသည်။

မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးယူချေပါက မြန်မာနိုင်ငံတွင် မျက်ကန်းချည်းသာဖြစ်လာမည်ဖြစ်ပြီး “သူတို့လက်နက်ကိုင်တုန်းက ငါတို့ကိုဒီလိုပစ်လို့ ငါတို့ကလည်း ဒီလို ဗုံးခွဲမယ်။ ချောင်းပစ်မယ်။ ထိချင်တဲ့ကောင်ထိ” ဆိုသော လုပ်ရပ်များမှာ အာဏာရူးဆန်သောအတွေးများသာဖြစ်ပြီး လက်နက်မဲ့ပြည်သူများကို ချောင်းမြောင်းပစ်ခတ်ဗုံးခွဲစေသော အတွေးဆိုးများ မွေးဖွားပေးခဲ့သူများနှင့် အရေးယူမည်ဆိုသည့် NUG အဖွဲ့အနေဖြင့်လည်း ထိုသို့သော အဓမ္မလုပ်ရပ်များကို မေ့လျော့ခံဟန်ပြထုတ်ပြန်ချက်ဖြင့်သာ မတင်းတိမ်ဘဲ ထိရောက်စွာအရေးယူပေးစေလိုပါသည်ဟုလည်း MT News သတင်းဌာနက အရေးတကြီး တိုက်တွန်းလိုပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *