September 8, 2024

၁၃. ၅. ၂၀၂၄
Written by Pan Ei

တောင်ကိုရီးယားနိုင်ငံက ပင်ပန်းနွမ်းနယ်ပြီး အထီးကျန်ဆန်တဲ့ လူငယ်လေးတွေဟာ စိတ်နေကောင်းဖို့ ထူးထူးဆန်းဆန်း နည်းလမ်းအသစ်တွေကို ရှာဖွေကြလာကြပြီး ခုနောက်ပိုင်း သူတို့ရဲ့ ဆန်းသစ်တဲ့ ရှာဖွေမှုတွေက သက်မဲ့အရာဝတ္တုတွေအပေါ် လူတွေရဲ့ စိတ်အေးချမ်းသာမှုကို ရှာဖွေကြတဲ့ အာရှတလွှားက လမ်းကြောင်းကို ထင်ဟပ်နေစေပါတယ်။

တောင်ကိုရီးယားမှာ နိုင်ငံလူဦးရေရဲ့ထက်ဝက်လောက်ဟာ တစ်ကိုယ်တည်းနေထိုင်နေကြပြီး ကမ္ဘာပေါ်မှာ အကြာဆုံးအလုပ်ချိန်အချို့ကို ခံနိုင်ရည်ရှိဖို့နဲ့ ကုမ္ပဏီနဲ့ပတ်သက်ပြီး အပန်းဖြေနိုင်ကြဖို့ နည်းလမ်းသစ်တွေကို အဆက်မပြတ်ရှာဖွေနေကြကာ အဲ့ဒီထဲမှာ ထူးထူးဆန်းဆန်းအနေနဲ့ သူတို့က ခေါင်းတလားထဲမှာ လဲလျောင်းပြီး အသုဘအခမ်းအနားတွေ အစမ်းကျင်းပတာမျိုးတွေ Space-out လို့ခေါ်တဲ့ ဘာမှမလုပ်ဘဲ အကောင်းဆုံးနေနိုင်တဲ့ ပြိုင်ပွဲတွေလိုမျိုးမှာ ဝင်ပြိုင်တာမျိုးတွေ ပါဝင်ပါတယ်။

ဒါပေမဲ့ သူတို့ရဲ့ နောက်ဆုံးပေါ် စိတ်အပန်းဖြေတဲ့ နည်းလမ်းကတော့ ပိုမိုထူးဆန်းတဲ့ အဆင့်ကိုရောက်ရှိနေပြီး ကျောက်တုံးလေးတွေကို အမည်ပေးကာ သက်ရှိသတ္တဝါတွေလိုမျိုး ဝတ်ဆင်ပေးပြီး အိမ်မွေးတိရစ္ဆာန်အဖြစ် ထားရှိကြတာဖြစ်ပါတယ်။

TikTok က နာမည်ကြီး ဗီဒီယိုတွေထဲမှာ အိမ်မွေးတိရစ္ဆာန်ကျောက်တုံးကို မျက်နှာသုတ်ပုဝါနဲ့ ပတ်ထားပေးပြီး ဖောင်ဒေးရှင်းကို ညင်သာစွာ လိမ်းပေးကာ မျက်ခုံးမွှေး၊ မျက်လုံးပုံစံတွေနဲ့ နှုတ်ခမ်းပုံစံတွေ ဆွဲပေးထားတာကို တွေ့ရပါတယ်။

ကျောက်တုံးကို အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးသူ တချို့က ကျောက်တုံးကို အလုပ်မှာ ပင်ပန်းခဲ့ရတဲ့ နေ့တစ်နေ့အကြောင်းတွေကို ရံဖန်ရံခါ တိုင်ကြားတတ်တယ်လို့ပြောပြီး တချို့က အိတ်ကပ်ထဲထည့်ထားပြီး Gym သွားတာတို့ လမ်းလျှောက်တဲ့အခါမျိုးတွေမှာ သူတို့နဲ့အတူ ယူသွားတတ်တယ်လို့ ပြောပါတယ်။

အချို့အတွက် ကျောက်တုံးမွေးရခြင်းရဲ့ ဆွဲဆောင်မှုအရှိဆုံးအချက်ကတော့ ကျောက်တုံးတွေက ဘာမှတောင်းဆိုခြင်းမရှိတာကြောင့်လို့ဆိုပြီး “သူတို့ကို အစာကျွေးဖို့ ဒါမှမဟုတ် လမ်းလျှောက်ပေးဖို့ စိတ်ပူစရာ မလိုတာကြောင့် အိမ်မွေးတိရစ္ဆာန် ကျောက်တုံးရှိရတာကို ကြိုက်ပါတယ်” လို့ အခြားပိုင်ရှင်တစ်ဦးက ပြောပါတယ်။

နာမည်ကြီး ကေပေါ့ပ် အဆိုတော် အဖွဲ့တွေဖြစ်တဲ့ Seventeen နဲ့ Enhypen လိုမျိုး အဖွဲ့ထဲက အဖွဲ့ဝင်တချို့အပါအဝင် ကိုရီးယားပေါ့ပ်ကြယ်ပွင့်များစွာဟာလည်း သူတို့ရဲ့ ပုံမှန်မဟုတ်တဲ့ ကျောက်တုံးအဖော်တွေအကြောင်း လူမှုကွန်ရက်ပေါ်မျှဝေတာမျိုးတွေရှိပါတယ်။

အိမ်မွေးကျောက်တုံးလေးတွေကို လစဉ် အခုရေ ၃၀၀ ကျာ်ကို ရောင်းချနေရပြီး ဝယ်ယူသူတွေဟာ များသောအားဖြင့် အသက် ၂၀ နဲ့ ၃၀ အတွင်းက အမျိုးသမီးတွေဖြစ်တယ်လို့ လက်လီရောင်းချသူတစ်ဦးက ပြောပါတယ်။ အဆိုပါကျောက်တုံးတွေရဲ့ ယေဘူယျဈေးနှုန်းအနေနဲ့ကတော့ တစ်ခုကို အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ ကနေ ၁၁ ဒေါ်လာကြား အစားစားရှိတယ်လို့လည်း သိရပါတယ်။

Ref; SCMP

Leave a Reply

Your email address will not be published. Required fields are marked *