၁၀. ၅. ၂၀၂၄
Written by Ye Kyaw

မကြာခင် ကျောင်းတွေဖွင့်တော့မှာမို့ ကျောင်းစိမ်းဝတ်စုံတွေ အရောင်းအဝယ်သွက်နေပေမဲ့ သယ်ယူရေးလမ်းကြောင်း အခက်အခဲကြောင့် လိုသလောက် ပစ္စည်းမဝင်တဲ့အပြင် ဈေးနှုန်းတွေပါ မြင့်တက်နေကြောင်း ကျောင်းစိမ်းဝတ်စုံရောင်းချနေသူများထံမှ သိရပါတယ်။

လက်ရှိမှာ ပုံမှန်ပိတ်သားနဲ့ ချုပ်ထားတဲ့ ကလေးဝတ်ကျောင်းစိမ်းဝတ်စုံ တစ်စုံကို အနည်းဆုံး ကျပ် ၁၅,၀၀၀ ရှိပြီး အင်္ကျီသီးသန့်၊ ဘောင်းဘီသီးသန့် ဝယ်ယူမယ်ဆိုရင်တော့ တစ်ထည်ကို ကျပ် ၉,၀၀၀ အနည်းဆုံးရှိတယ်လို့ သိရပါတယ်။

“ဈေးတက်တာတော့ ပြောမနေနဲ့ ဒီမှာကတော့ အနည်းဆုံး တစ်ထည်ကို ၉,၀၀၀ ဝန်းကျင်ပဲ ရောင်းတယ်။ အဲဒီထက်နိမ့်တာ တင်ရောင်းရင်လည်း အရည်သွေးမကောင်းလို့ နာမည်ပျက်မှာလေ။ မရှိဘူးမဟုတ်ဘူး ရှိပါတယ်။ လေး၊ ငါးထောင်တန်တွေလည်းရှိတယ်၊ အရင်လိုမကောင်းတော့ဘူး။ အခုတောင် Live Sale နဲ့ မရောင်းတော့ဘူး။ ပစ္စည်းကြည့် ဒီမှာရှိတာယူပဲ။ အရင်လို ဒီဇိုင်းပဲလိုချင်တယ် မရဘူ။ ဘာလို့ဆို ဒီဘက်က အဝယ်လိုက်လာတာမှန်တယ်။ တစ်ခေါက်နဲ့ တစ်ခေါက် ပစ္စည်းတင်တာမှာ ဟိုဘက်ကိုလည်း ရတာပဲဆွဲယူရတာ။ အရင်လိုမဟုတ်ဘူး။ လမ်းကြောင်းတွေလည်း မကောင်းဘူးလေ” လို့ ယုဇနပလာဇာရှိ ကျောင်းစိမ်းဝတ်စုံသီးသန့် လက်လီလက်ကားအရောင်းဆိုင်မှ တာဝန်ရှိသူက ‌ပြောပါတယ်။

ဒါ့အပြင် အသင့်ချုပ်ပြီးကျောင်းစိမ်းဝတ်စုံကို မဝယ်ယူလိုဘဲ မိမိဘာသာ ကိုယ်ကြိုက်နှစ်သက်ရာပုံစံ ချုပ်ဝတ်ချင်သူတွေအတွက်လည်း ပိတ်စအဖြူ တစ်ကိုက်ကို အနည်းဆုံး ၅၀၀၀ ရှိပါတယ်။ ကျောင်းစိမ်းပုဆိုး၊ ဘောင်းဘီတွေ ချုပ်မယ့်ပိတ်စအစိမ်းကိုလည်း ကိုက်ထိုးမရောင်းတော့ဘဲ ကိုက် ၂၀ ပါ ပိတ်အုပ်လိုက်သာ ရောင်းချနေပြီး အနည်းဆုံး ကျောင်းစိမ်းပိတ်အုပ်တစ်ခုကို ကျပ် ၇၂,၀၀၀ ရှိတယ်လို့ သိရပါတယ်။

“ကိုက်ထိုးမရောင်းတော့ဘူလေ။ အဖြူကကျန်နေရင် တော်သေးတယ်။ ဒီအစိမ်းတွေက ဖြတ်စတွေကျန်နေရင် နောက်တစ်နှစ်အထိ ပြန်စောင့်ရမှာလေ။ ပိတ်အုပ်တိုင်းကျ သိမ်းရတာအဆင်ပြေတယ်” လို့ ပိတ်စအရောင်းဆိုင်မှတာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာ ကျောင်းသားမိဘတွေအနေနဲ့ အတန်းကြီးကျောင်းသားတွေအတွက် အရမ်းမပူပန်ရပေမဲ့ အတန်းငယ်ကလေးတွေအတွက် ကျောင်းစိမ်းဝတ်စုံဝယ်ယူရာမှာ အခက်အခဲဖြစ်နေတာဖြစ်ပြီး ဈေးနှုန်းတက်တာတောင် လိုချင်တဲ့ပုံစံနဲ့ ပိတ်သားမရဖြစ်နေတာဖြစ်ပါတယ်။

“မနှစ်ကဆို တစ်စုံကို တစ်သောင်းလောက်နဲ့ရတယ်။ ဒီနှစ်ကတော့ အနည်းဆုံး တစ်သောင်းခွဲအထက်ကို မှန်းပြီးသားပါ။ ခက်တာက လိုချင်တဲ့အတိုင်းမရမှာပဲ။ ဘာလို့ဆို အတန်းကြီးတွေက လူကြီးဝတ်တွေထဲက အဖြူကို ဝယ်ပေးလိုက်ရင်ရတယ်၊ ပုဆိုးဘာညာကလည်း အဆင်ပြေတယ်။ အတန်းငယ်ကလေးရှိရင် အစုံလိုက်ဝယ်မှပဲ။ ဘာလို့ဆို ချုပ်ခတွေကလည်း ဈေးကြီးတယ်လေ” လို့ တောင်ဒဂုံမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

အခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ‌ကျောင်းအပ်နှံရေး သီတင်းအပတ်အဖြစ် မေလ ၂၃ ရက်ကနေ ဇွန်လ ၂ ရက်အထိ သတ်မှတ်ထားပြီး ဇွန်လ ၃ ရက် (တနင်္လာနေ့)မှာ ကျောင်းတွေ စတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းတွေ၊ ကိုယ်ပိုင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ ကျောင်းအပ်နှံသူဦးရေ ၆,၄၇၃,၃၅၀ ( ၆ သန်းခွဲခန့်) ရှိခဲ့ပြီး အရင်နှစ်ထက် ၈၆၀,၀၀၀ ကျော်ပိုမိုအပ်နှံခဲ့သလို ဒီနှစ်မှာလည်း ကျောင်းအပ်နှံသူပိုများလာနိုင်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News