၁၀.၅.၂၀၂၄
Photo & Writer TZ

နေပြည်တော်ကောင်စီနယ်၊ ဇမ္ဗူသီရိမြို့နယ်၊ မြို့မစျေးအနီးရှိ မီးပွိုင့်နားတွင် မီနီအိုးဝေယာဥ်များရပ်နားထားသည့် နေရာသို့ MT News က မေလ ၁၀ရက် နံနက်ခင်းအချိန်တွင် မြေပြင်ကွင်းဆင်း၍ မေးမြန်းမှုများပြုလုပ်ရာ သင်္ကြန်ကာလပြီးနောက် မီနီအိုးဝေအငှားပြေးဆွဲသည့်ယာဥ်များ ယခင်ကထက် ပြေးဆွဲရမှုများနည်းပါးလာသောကြောင့် အုံနာကြေးပေးရန်ပင် အခက်အခဲဖြစ်ပေါ်နေသည်ဟု မီနီအိုးဝေပြေးဆွဲသူများက ပြောသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း မည်သည့်နေရာမဆို မီနီအိုးဝေအငှားလိုက်ရာတွင် ငှားရမ်းစီးမည့်သူများ နည်းပါးလာသောကြောင့် အုံနာကြေးကို မိမိငွေကြေးဖြင့် စိုက်ထုတ် ပေးဆောင်ရသောကြောင့် ဆီဖိုးနှင့်စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်ပေါ်နေရခြင်းဖြစ်သည်။

“မြို့မစျေးနဲ့ သုခတော်ဝင်ဆိုရင် အသွား/အပြန် ၄၀၀၀။ ဧက ၂၀၀၀၊ ၃၀၀၀၊ ၄၀၀၀) အိမ်ရာဆိုရင် သွားခေါ်ရရင် ၃၀၀၀ တောင်းတယ်။ ပျဥ်းမနားလို ဝေးတဲ့နေရာတွေဆို ၃၀၀၀၀ တောင်းတယ်။ ဝေးရင်ဝေးသလို တောင်းတယ်။ သင်္ကြန်ကာလတုန်းကဆို မနားရဘူး။ လိုက်ရတာ။ အခုတော့ အုံနာကြေးတောင်မရဘူး။ တစ်ခါတလေ မပြေးဆွဲရဘဲ အိမ်ပြန်ရတာတွေရှိတယ်။ ကိုယ့်အိတ်ထဲကတောင် အုံနာကြေးပေးရတာရှိတယ်။ တခြားသူတွေက ကိုယ်ပိုင်အိုးဝေရှိတော့ တော်သေးတယ်။ ကျွန်တော်တို့ဆို အိုးဝေမပိုင်ဆိုင်တော့ သိပ်မကျန်ဘူး။ ဆီစျေးကလည်းကြီး။ အများဆုံးငှားတာက ဝန်ထမ်းတွေများတယ်” ဟု မီနီအိုးဝေအငှားပြေးဆွဲသူတစ်ဦးက MT News သို့ ပြောသည်။

နေပြည်တော်တွင် အဓိကအားဖြင့် ဆိုင်ကယ်များသာအသုံးပြုကြပြီး သယ်ယူစရာများပြားမှသာ မီနီအိုးဝေငှားရမ်းကြသလို လူအုပ်စုလိုက်သွားလာသည့် ဘုရားဖူးခြင်း၊ အပျော်ခရီးသွားခြင်းများအတွက်သာ ငှားရမ်းမှုရှိ၍ အငှားမောင်းရသူများစီးနင်းသူရှားပါး၍ ပိုမိုခက်ခဲလာနေခြင်းဖြစ်သည်။ မီနီအိုးဝေပိုင်ရှင်များကို အုံနာခမှာလည်း ကျပ် ၈၀၀၀ မှ ၁၀၀၀၀ ကြားရှိပြီးဆီစျေးကြီးမြင့်မှုကြောင့်လည်း ပိုမိုအခက်ကြုံလာနေရခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News