၁၀. ၅. ၂၀၂၄
Written by Pan Ei

ဂျပန်နိုင်ငံက အကျော်ကြားဆုံး ပေါင်မုန့်အမှတ်တံဆိပ်တွေထဲကတစ်ခုဖြစ်တဲ့ Pasco ရဲ့ထုတ်ကုန်တွေထဲမှာ ကြွက်မည်းတစ်ကောင်ရဲ့ အပိုင်းအစတွေ တွေ့ရှိခဲ့ပြီးနောက် ကုမ္ပဏီက ပေါင်မုန့်ထုပ်ပေါင်း ၁ သိန်းကျော်ကို ပြန်လည်သိမ်းဆည်းကာ ပြန်အမ်းငွေတွေ ပေးဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

Pasco ပေါင်မုန့်ဟာ ဂျပန်နိုင်ငံက အိမ်ထောင်စုများစွာအတွက် အဓိကစားကုန်တစ်ခုဖြစ်ပြီး နိုင်ငံတဝှမ်းက စူပါမားကတ်တွေနဲ့ စတိုးဆိုင်တွေမှာ ဖြန့်ဖြူးရောင်းချပေးနေတာပဲဖြစ်ပါတယ်။

ဂျပန်မီဒီယာတွေရဲ့ ဖော်ပြချက်အာ တိုကျိုမြို့ အနောက်မြောက်ဘက် ဂွန်မာစီရင်စုမှာ မုန့်ဝယ်သူ အနည်းဆုံး နှစ်ဦးက ပေါင်မုန့်အတွင်း ကြွက်အစိတ်အပိုင်းတွေ တွေ့ရှိမှုနဲ့ပတ်သက်ပြီး ကုမ္ပဏီကို တိုင်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး မုန့်ထုတ်လုပ်တဲ့ Pasco Shikishima ကော်ပိုရေးရှင်းက တောင်းပန်ခဲ့ကာ လျော်ကြေးပေးမယ်လို့လည်း ကတိပေးထားပြီး အထုပ်ပေါင်း ၁၀၄၀၀၀ ကို ပြန်လည်သိမ်းဆည်းခဲ့တယ်လို့ ပြောကြားခဲ့သလို ပေါင်မုန့်ကြောင့် နာမကျန်းဖြစ်တဲ့သူတော့ မရှိခဲ့ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ နိုင်ငံအတွင်း အစားအသောက်ပြန်လည်သိမ်းဆည်းမှုဖြစ်စဉ်တွေမှာ ရှားပါးပြီး သန့်ရှင်းမှုဆိုင်ရာ စံချိန်စံညွှန်းမြင့်မားတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မကြာသေးမီကစပြီး အစားအသောက်နဲ့ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုများစွာကို ကြုံတွေ့ခဲ့ရပါတယ်။

အခုလအစောပိုင်းက နိုင်ငံအရှေ့မြောက်ပိုင်း မီယာဂီစီရင်စုရှိ ကျောင်းသား ၁၀၀၀ လောက်ဟာ ကျောင်းတွေကို ပေးပို့ခဲ့တဲ့ နို့တွေသောက်ပြီးနောက် နာမကျန်းဖြစ်ခဲ့ကြတဲ့အပြင် စားသောက်ဆိုင်မှာ အကင်စားပြီးနောက် လူ ၂ ဦး နာမကျန်းဖြစ်ခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် မတ်လတုန်းကလည်း ကျန်းမာရေး ဖြည့်စွက်စာ ထုတ်ကုန်တစ်ခုနဲ့ ဆက်စပ်ပြီး လူငါးဦး သေဆုံးခဲ့ပါသေးတယ်။

Ref; Sky News

Leave a Reply

Your email address will not be published. Required fields are marked *