၁၀. ၅. ၂၀၂၄
Written by Shwe Phyo

ရခိုင်လက်နက်ကိုင် AA ၏ စစ်မှုထမ်းရန် လူသစ်စုဆောင်းမှုများကို ရှောင်ရှားနိုင်ရန်အတွက် ချင်းပြည်နယ်တွင် နေထိုင်နေသူများသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းသို့ နေရပ်စွန့်ခွာသွားရောက်နေထိုင်မှုများ မြင့်တက်လာနေကြောင်း အိန္ဒိယအခြေစိုက်မီဒီယာများတွင် ဖော်ပြထားသည်။

ချင်းပြည်နယ်မှ မီဇိုရမ်ပြည်နယ်အတွင်းသို့ နေရပ်စွန့်ခွာသွားရောက်နေထိုင်နေသူအရေအတွက်က သီတင်းပတ်တစ်ပတ်အတွင်း ၉၅ ဦးအထိ ရှိလာခဲ့ကြောင်း အိန္ဒိယအစိုးရတာဝန်ရှိသူများက ပြောသည်။

မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ဟာ မြန်မာနိုင်ငံက ထပ်မံရောက်ရှိလာတဲ့ နေရပ်စွန့်ခွာသူအရေအတွက်ကို စာရင်းစုဆောင်းနေ တယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ အမျိုးသမီးတွေအပါအဝင် မြန်မာနိုင်ငံသား ၉၅ ဦးဟာ မီဇိုရမ်ပြည်နယ်အတွင်းကို ထပ်မံရောက်ရှိလာခဲ့တယ်။ အဲဒီ မြန်မာနိုင်ငံသားတွေဟာ မီဇိုရမ်ပြည်နယ်ရှိ လောက်တလိုင်းဒေသအပြင် အခြားဒေသတွေမှာ နေထိုင်နေတယ်”ဟုပြောသည်။

မီဇိုရမ်ပြည်နယ်တွင် မြို့ပေါင်း ၆ မြို့ရှိနေပြီး မြန်မာနိုင်ငံချင်းပြည်နယ်နှင့် နယ်စပ်ချင်း အရှည် ၅၁၀ ကီလိုမီတာထိစပ်နေသည်။ အိန္ဒိယသတင်းများ၏ ဖော်ပြချက်များအရ မီဇိုရမ်ပြည်နယ်သို့ နေရပ်စွန့်ခွာဝင်ရောက်လာသောမြန်မာနိုင်ငံသား ၉၅ ဦးသည် ချင်းပြည်နယ်၊ ပလက်ဝမြို့မှဖြစ်ပြီး ၎င်းတို့သည် ရခိုင်လက်နက်ကိုင်အဖွဲ့၏ စစ်သားစုဆောင်းမှုများကိုရှောင်ရှားရန် ပြီးခဲ့သောသီတင်းပတ်တည်းက မီဇိုရမ်ပြည်နယ်ဘက်ခြမ်းသို့ထွက်ပြေးလာခဲ့ကြောင်း ဖော်ပြထားသည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ AA သည် မြန်မာလုံခြုံရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း ချင်းပြည်နယ်အတွင်း နေထိုင်နေသူများကို စစ်သားအဖြစ် စစ်မှုထမ်းရန် လူသစ်စုဆောင်းနေသည်။ ထို့အတွက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် အမျိုးသမီး ၁၀၉၄၇ ဦးနှင့် ကလေးငယ် ၁၃၃၀၂ ဦး အပါအဝင် မြန်မာနိုင်ငံသား ၃၄၃၅၀ ဦးခန့်နေရပ်စွန့်ခွာနေထိုင်နေရကြောင်း သိရသည်။

REF indiatimes

Leave a Reply

Your email address will not be published. Required fields are marked *

Related News