၁၀. ၅. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံအရှေ့ဘက်ကမ်း ရာယွန်ပြည်နယ်အတွင်းရှိ မက်သာပွတ်စက်မှုဆိပ်ကမ်းတွင် မေလ ၉ ရက်က လောင်ကျွမ်းခဲ့သောမီးကြောင့် လူတစ်ဦးသေဆုံးခဲ့ရကာ ထိုင်းရေတပ်အကူအညီဖြင့် ညနေ ၄ နာရီခန့်တွင်မှ ငြှိမ်းသတ်နိင်ခဲ့ကြောင်းသိရသည်။

မီးက မက်သာပွတ်ဆိပ်ကမ်းရှိ ၁၈ မီတာမြင့်သော လောင်စာဆီသိုလှောင်ကန်ကြီးတွင် ပေါက်ကွဲမှုဖြစ်ကာ နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် စတင်လောင်ကျွမ်းခြင်းဖြစ်သည်။ ထိုင်းရေတပ်က မောင်းသူမဲ့လေယာဉ်တစ်စီးကိုလည်းစေလွှတ်ကူညီကာ စစ်သင်္ဘောတစ်စီးဖြင့်လည်း မီးဘေးသက်ရောက်ခံရသူများကို ကယ်ဆယ်ရေးများလုပ်ဆောင်ခဲ့ကြောင်း ထိုင်းရေတပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဗီရူဒုမ် မောင်းချင်းက ပြောခဲ့သည်။

မီးသတ်တပ်ဖွဲ့အနေဖြင့်လည်း အခြားလောင်စာဆီသိုလှောင်ကန်တစ်ခုကို မီးကူးစက်ရန် ခြိမ်းခြောက်နေပြီဖြစ်သော မီးကို ခြောက်နာရီခန့်ကြာသည်ထိ ငြိမ်းသတ်ခဲ့ရသည်။ မီးလောင်ကျွမ်းမှုကြောင့် လူတစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။

ရာယွန်ပြည်နယ်အာဏာပိုင်များကလည်း အရေးပေါ်အခြေအနေကြေညာကာ မီးဘေးမှ ကယ်ဆယ်ထားသူ ၄၀၀ ခန့်အား မက်သာပွတ်မြို့ ကျောင်းတစ်ကျောင်းတွင် နေရာချထားခဲ့သည်။

ပြည်နယ်အတွင်းဆေးရုံများအား မီးဘေးသင့်သူများကို ကုသပေးရန် အသင့်အနေအထားပြင်ဆင်ထားစေခဲ့ပြီး ဒေသခံများကိုလည်း မီးခိုးများကင်းစင်သည်အထိ မိမိအိမ်များအတွင်း၌ သာနေကြရန် အာဏာပိုင်များက အကြံပြုပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်ကလည်း ဤဆိပ်ကမ်းတွင် ဓာတုဗေဒပစ္စည်းများသိုလှောင်ကန်တစ်ခု ပေါက်ကွဲမှုကြောင့် လူသုံးဦးသေဆုံးခဲ့ရသေးသည်။

Ref- Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *