ဆက်လက်ဖမ်းဆီးထားသော တပ်မိသားစုဝင် ၃ ဦးကိုမူ သတ်ဖြတ်လိုက်ခြင်းရှိ မရှိနှင့် အရေးယူမှု မကြေညာ

၁၀.၅. ၂၀၂၄
Written by Nay Moe

ကယ်တင်ထားတယ်လို့ကြေညာပြီး ကယားလက်နက်ကိုင်တွေက ဖမ်းဆီးထောင်ချထားတဲ့ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် ၅ ဦးကို လွတ်ငြိမ်းနဲ့ပြန်လွှတ်လိုက်တယ်လို့ IEC က ကြေညာပေမဲ့ ဆက်လက်ဖမ်းဆီးထားတဲ့ တပ်မိသားစုဝင် ၃ ဦးကိုတော့ အရေးယူမှုအခြေအနေနဲ့ သတ်ဖြတ်လိုက်မှုရှိ မရှိကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ မတွေ့ရပါဘူး။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှာ ကယားလက်နက်ကိုင်တွေနဲ့ PDF တပ်ပေါင်းစုဟာ လွိုင်ကော်တက္ကသိုလ်ကို ဝင်ရောက်စီးနင်းပြီး ဝန်ထမ်းအချို့ကို သတ်ဖြတ်ကာ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာအောင်ခင်မြင့် အပါအဝင် လူ ၂၀၄ ဦးကို ကယ်တင်တယ်ဆိုပြီး ဖမ်းဆီးခဲ့သလို နိုဝင်ဘာလကုန်ပိုင်းမှာ SAC နဲ့ ပတ်သက်ဆက်နွှယ်မှု မရှိတဲ့ ၁၉၃ ဦးကို နယ်နှင်ဒဏ်ပေးပြီး ပြန်လွှတ်ခဲ့ပေမဲ့ ဒေါက်တာအောင်ခင်မြင့်အပါအဝင် ဝန်ထမ်းငါးဦးနဲ့မိသားစုတွေကို ဆက်လက်ဖမ်းဆီးခဲ့တဲ့အပြင် တပ်မိသားစုဝင်သုံးဦးကို စစ်ခုံရုံးနဲ့အရေးယူမယ်ကြေညာခဲ့ပါတယ်။

အဲဒီနောက်မှာ SAC နဲ့ ဆက်နွှယ်ရာမှာ အဓိက တာဝန်ရှိတယ်ဆိုပြီး လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်အပါအဝင် ဝန်ထမ်း ၅ ဦးနဲ့ သူတို့ မိသားစုဝင်တွေကိုပါ ကရင်နီပြည်ရဲဌာနက တရားလိုအဖြစ် အမှုဖွင့်တရားစွဲခဲ့တဲ့အပြင် တပ်မိသားစုဝင် (၃) ဦးကို စစ်ဖက်ဆိုင်ရာအက်ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးရေးကိစ္စရပ်တွေ ဆက်လက်ဆောင်ရွက်သွားဖို့ သက်ဆိုင်ရာ စစ်ခုံရုံးကို လွှဲပြောင်း အရေးယူမယ်လို့ ကြေညာခဲ့ပြီး ဒေါက်တာအောင်ခင်မြင့်အပါအဝင် ငါးဦးကို ထောင်ဒဏ် ၂ နှစ်စီနဲ့ ငွေကျပ် ၉ သိန်းစီ ဒဏ်ရိုက်ခဲ့တာပါ။

မနေ့က မေလ ၉ ရက်မှာတော့ Interim Executive Council of Karenni State (IEC) က ဒေါက်တာအောင်ခင်မြင့်၊ ဒေါ်လှလေးမြင့်၊ ဒေါ်ယဥ်ယဥ်နိုင်၊ ဒေါ်မို့မို့ထွန်းနဲ့ ဒေါ်သီတာတို့ငါးဦးကို မေလ ၈ ရက်ကလွတ်ငြိမ်းနဲ့ပြန်လွှတ်ပေးလိုက်ပေမဲ့ စစ်ခုံရုံးတင်ထားတဲ့ တပ်မိသားစုဝင် နိုင်ငံ့ဝန်ထမ်းသုံးဦးကိုတော့ ဆက်လက်ဖမ်းဆီးမှုအခြေအနေနဲ့ သတ်ဖြတ်ပစ်မှုရှိမရှိ မကြေညာတော့ဘဲ လက်စဖျောက်ထားလိုက်တာကို တွေ့ရပါတယ်။

လွိုင်ကော်တက္ကသိုလ်ကို ကယားလက်နက်ကိုင်တွေနဲ့ PDF တပ်ပေါင်းစုတွေက စီးနင်းဖမ်းဆီးချိန် နိုင်ငံ့ဝန်ထမ်းအမျိုးသမီးတစ်ယောက်ကို ပစ်ခတ် သတ်ဖြတ်ပြီး အလောင်းကို ခြေနဲ့နင်း ဓာတ်ပုံရိုက်ထားတဲ့ပုံလည်း ထွက်ပေါ်လာခဲ့လို့ အဲ့ဒီလုပ်ရပ်အပေါ် PDF တွေ ရှုတ်ချခံနေရသလို ဒီနေ့အထိလည်း လွိုင်ကော်တက္ကသိုလ်ပြန်မဖွင့်နိုင်လို့လူငယ်ပေါင်းရာထောင်ချီပညာသင်ယူခွင့် နစ်နာဆုံးရှုံးနေရပါတယ်။

ပုံစာ။ ကယားလက်နက်ကိုင်များ ကယ်တင်သည်ဆိုကာ ဖမ်းဆီးထောင်ချ ခံဝန်ထိုးခိုင်းပြီးမှ ပြန်လွှတ်ပေးမှုနှင့်ဖမ်းဆီးခံရသူများစာရင်း။

Leave a Reply

Your email address will not be published. Required fields are marked *