၉. ၅. ၂၀၂၄
Written by TZ

မိတ္ထီလာမြို့ရှောင်လမ်း၊ ကမ်းပါးမြင့် (ကပါးမြင့်) ရွာအနီးတွင် တွဲကားတစ်စီးမှ နွားအုပ်ကိုရှောင်ရင်း အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ တိမ်းမှောက်မှု ယနေ့ဖြစ်ပွားရာ အမျိုးသမီးတစ်ဦး ညာဘက်ခြေကျင်းဝတ်ကျိုးဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်မှာ မေလ ၉ ရက် နံနက် ၆ နာရီခွဲအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တွဲကားယာဥ်တစ်စီးတိမ်းမှောက်ရာတွင် ခေါင်းခန်းထဲညပ်ကာ ခြေထောက်ကျိုးဒဏ်ရာရထားသည့် အမျိုးသမီးတစ်ဦးကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့်အတူ​ဒေသခံလူမူကူညီရေးအသင်းတို့မှ အသက်ရှင်စွာကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

“ပြောင်းဖူးဆံတွေသယ်လာတာ။ ကားခေါင်းထဲမှာ ကားမောင်းသမားမိသားစု ၃ ယောက်လိုက်လာတာ။ အမျိုးသမီးကတော့ ညာဘက်ခြေကျင်းဝတ်ကျိုးသွားတယ်။ ကျန်တဲ့သူတွေတော့ ဘာမှမဖြစ်ဘူး။ သူတို့က အဲ့ဒီမြို့ရှောင်လမ်းမှာ နွားတွေနဲ့ အိမ်စီးကားကိုရှောင်ရင်း လမ်းဘေးညာဘက်ကို လဲကျသွားတာ” ဟု မြေပြင်အားသွားရောက်ကူညီသည့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

တွဲကားလဲကျမှုကြောင့် ခြေကျင်းဝတ်ကျိုး ဒဏ်ရာရရှိသည့် အမျိုးသမီးကို မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *