၉.၅.၂၀၂၄
Written by Hey Mar

ဆေးမူးနေတဲ့ သားဖြစ်သူက ဆုံးမတဲ့ မိခင်နဲ့ဖခင်ကို ရိုက်နှက်ရာက ဖခင်ဖြစ်သူဆေးရုံအရောက် သေဆုံးခဲ့တဲ့ဖြစ်စဉ် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်မှာ မေလ ၇ ရက် ညနေ ၆နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ မူးယစ်ဆေးနဲ့ အရက်သေစာသုံးစွဲထားတဲ့ သားဖြစ်သူ အသက် ၂၄ နှစ်အရွယ် ကျော်ဇင်ဦးက ဆေးမူးကာ ပတ်ဝန်းကျင်ကို ရန်ရှာဆဲဆိုနေတာကြောင့် မိဘနှစ်ပါးက သားဖြစ်သူကို ဆိုဆုံးမပြီး အိမ်ထဲဆွဲသွင်းရာမှာ အိမ်ရှေ့သစ်ချောင်းအဟောင်းပုံထဲက အရှည် ၃ပေခန့်ရှိ ပျဉ်းကတိုးသားအဟောင်းနဲ့ မိခင်ဖြစ်သူကို ရိုက်နှက်ချိန် ဖခင်ကဝင်ဆွဲရာက ဖခင်ဖြစ်သူကိုပါ ဆက်တိုက်ရိုက်နှက်တာကြောင့် ဒဏ်ရာအပြင်းအထန် ရှိခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

အဆိုပါဖြစ်စဉ်မှာ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ဒေသခံလူမှုကူညီရေးအသင်းတာဝန်ရှိသူက “အမတို့က ရိုက်နှက်ခံရတဲ့ အဖေဖြစ်သူကို ဆေးရုံလိုက်ပို့ကတည်းက အခြေအနေက မကောင်းဘူး။ နောက်ရက်မှာတော့ဆုံးသွားတယ်လို့ကြားတယ်”လို့ MT News က ဆက်သွယ်မေးမြန်းရာမှာပြန်လည်ဖြေကြားမှာပါတယ်။

သစ်သားချောင်းနဲ့ အရိုက်ခံရသူ ဖခင်ဦးသန်းထိုက်အောင်မှာ ညာဘက်မျက်လုံးဖူးယောင်ဒဏ်ရာ၊ ညာဘက်ချိူစောင်းပေါက်ပြဲဒဏ်ရာ၊ ညာဘက်နား သွေးထွက်ဒဏ်ရာတို့ ရရှိခဲ့တာကြောင့် မြောက်ဥက္ကလာဆေးရုံမှာ ကုသမှုခံယူနေစဉ် ၈ ရက်နေ့မနက်အစောပိုင်းက ရရှိထားတဲ့ ဒဏ်ရာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဖခင်သေဆုံးမှုနဲ့ပတ်သတ်ပြီး သစ်သားချောင်းနဲ့ ရိုက်နှက်ခဲ့တဲ့ သားဖြစ်သူ ကျော်ဇင်ဦး အသက် (၂၄ )နှစ်၊ အမှတ် (၀၀၉)၊ ဆည်မြောင်းပတ်လမ်း‌ ၊ရွှေပေါက်ကံမြို့သစ် နေထိုင်သူကို တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ပြီး ရွှေပေါက်ကံ နယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *