၉. ၅. ၂၀၂၄
Written by Hey Mar

ရန်ကုန်မန္တလေးအမြန်လမ်းပေါ်မှာ ယာဥ်တိမ်းမှောက်မှုဖြစ်ပွားရာက အမျိုးသားတစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဦးဒဏ်ရာရတဲ့ဖြစ်စဉ် မနေ့က မေလ ၈ ရက် ည ၈ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်က မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့နယ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာဖြစ်ပွားခဲ့ပြီး ရန်ကုန်ဘက်ကနေ မန္တလေးဘက်ကို မောင်းနှင်လာတဲ့ လင့်ခရူဇာအမျိုးအစားအိမ်စီးယာဥ်က မိုင်တိုင်အမှတ်(၂၉၅/၂)အနီးအရောက် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဥ်ပေါ်ပါသူနှစ်ဦးအနက် အသက်(၂၇)နှစ်အရွယ် ယာဉ်မောင်းအမျိုးသားဖြစ်သူမှာ ဆေးရုံအရောက်မှာ သေဆုံးတယ်လို့ သိရပါတယ် ။

မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ဝန်ဇင်းလူငယ်လူမှုကူညီရေးအသင်းတာဝန်ရှိသူက ” သတင်းကြားကြားချင်း ယာဉ်ထွက်ခွာ ကူညီပေမယ့် အမျိုးသားက ဆေးရုံအရောက်မှာသေဆုံးတယ်။ အမျိုးသမီးက မနေ့ကတော့ မိတ္တီလာဆေးရုံကြီးမှာအတွင်းလူနာပဲ။ ဒီနေ့မနက်တော့ နေပြည်တော်ကုတင် (၁၀၀၀) ကို ပို့တယ်ကြားပါတယ်။ သတိလည်း ကောင်းကောင်းရတယ် ပြောပါတယ်”လို့ MT News ကို ပြောပါတယ်။

လူနာတွေကို ဝန်ဇင်းလူငယ်လူမှုကူညီရေးအသင်းနဲ့ ၁၉၂ ကြက်ခြေနီသူနာပြုတပ်ဖွဲ့က မိတ္တီလာပြည်သူဆေးရုံကြီးအရေးပေါ်ဌာနဆီပို့ဆောင်ပေးခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူ ယာဥ်မောင်းအမျိုးသားမှာ ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံအရောက်သေဆုံးခဲ့ပြီး သက်ဆိုင်ရာက မိသားစုဝင်တွေကို ရှာဖွေဆက်သွယ်အကြောင်းကြားချက်အရ သေဆုံးသူယာဥ်မောင်းအမျိုးသားနဲ့ ထိခိုက်ဒဏ်ရာရရှိသူ အမျိူးသမီးတို့မှာ ဇနီးမောင်နှံတော်စပ်ပြီး ရန်ကုန်တိုင်းဒေသသကြီး လှိုင်သာယာမြို့နယ်မှာ နေထိုင်သူတွေလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *