၈. ၅. ၂၀၂၄
Written by Nyein Kyaw

မေလ ၁ ရက်မှစတင်၍ ယာယီဆိုင်းငံ့ခဲ့သည့် အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် အလုပ်ခေါ် (Demean Letter) များကို ပုံမှန်အတိုင်း ပြန်လည်ခွင့်ပြုပေးထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ပြန်လည်ဖြေကြားထားသည်။

အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် အလုပ်ခေါ်စာ (Demand Letter) များကို ယာယီဆိုင်းငံ့ထားခြင်းအား ပြန်လည်ဖွင့်လှစ်ပေးနေပြီဟု သတင်းများထွက်ပေါ်မှုများ မှန်ကန်မှုရှိ/မရှိနှင့် မည်သည့်အချိန်တွင် ပြန်လည်ဖွင့်လှစ်ပေးမည်ဆိုခြင်းနှင့် ပတ်သက်ပြီး မီဒီယာများ၏ မေးမြန်းမှုကို SAC သတင်းထုတ်ပြန်ရေးအဖွဲ့က “Demand Letter များ ပုံမှန်အတိုင်း ပြန်လည်တင်ပြခွင့်ပြုထားပါကြောင်း ဖြေကြားအပ်ပါသည်” ဟု ဖြေကြားခဲ့သည်။

အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့်ကို အသက်အပိုင်းအခြားဖြင့် ပြန်လည်ခွင့်ပြုခြင်းဖြစ်ပြီး အသက် ၁၈ နှစ်မှ အသက် ၂၂ နှစ်ထိ အမျိုးသားများကိုသာ စေလွှတ်မည်ဖြစ်ကာ အသက် ၂၃ နှစ်မှ အသက် ၃၁ နှစ်အထိ အမျိုးသားများကိုမူ ဆက်လက်ဆိုင်းငံ့ထားကြောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF )မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

ယင်းကဲ့သို့ ပိတ်ထားရခြင်းမှာ မည်သည့်အကြောင်းကြောင့်ဆိုသည်ကိုမူ ဝန်ကြီးဌာနဖက်က တိတိကျကျ ထုတ်ဖော်ပြောဆိုထားခြင်းမရှိသော်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့်ဟု ထင်ကြေးပေး ရေးသားမှုများ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *