MT News
၈. ၅. ၂၀၂၄

၂၀၂၃ ခုနှစ် မေလ ၉ ရက်ကနေ ၁၅ ရက်အတွင်းဖြစ်ပွားခဲ့တဲ့ အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်ထိခိုက်မှုတွေအတွက် ကူညီကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းတွေကို တစ်နှစ်နီးပါးကြာလာတဲ့အထိ ဆက်လက်ပေးပို့နေဆဲဖြစ်ပြီး တစ်နှစ်အတွင်းမှာ စားသောက်ကုန်နဲ့ ကယ်ဆယ်ရေးပစ္စည်းများစွာ ၆၇၇၄၁ တန်ကျော်နဲ့ စက်သုံးဆီ ၄၄၉၆၄၈ ဂါလန်ပေးပို့ကူညီခဲ့တယ်လို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက သိရပါတယ်။

ဆိုင်ကလုန်းမိုခါကြောင့် ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူမြို့နယ်၊ မာန်အောင်မြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဂွမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ သံတွဲမြို့နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊  ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ မြေပုံမြို့နယ်တွေနဲ့ ချင်းပြည်နယ်ရှိ တီးတိန်မြို့နယ်၊ ပလက်ဝမြို့နယ်၊ မတူပီမြို့နယ်နှင့် ဟားခါးမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသတွေအဖြစ်​ကြေညာခဲ့ရသလို လူပေါင်း ၁၄၈ ဦးသေဆုံးပြီး AHA စင်တာထုတ်ပြန်မှုအရ ဒေါ်လာ ၁၃ ဘီလျံကျော်ဖိုးအထိ နေအိမ်သိန်းနဲ့ချီပျက်စီးခဲ့ရတာကြောင့် ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့နေရတာပါ။

ဒါပေမဲ့လည်း လက်ရှိမှာ​တော့ ချင်းပြည်နယ်က ပလက်ဝနဲ့ ရခိုင်ပြည်နယ်က ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ မောင်တောမြို့တွေကို AA လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားတယ်ပြောထားသလို တခြားမြို့တွေကိုလည်း တိုက်ခိုက်နေတာဖြစ်ပြီး AA တိုက်ခိုက်နေတဲ့ ရခိုင်မြို့တွေက ပြည်သူအားလုံး စစ်ရှောင်နေရတာပါ။

AA ရဲ့ မြို့သိမ်းတိုက်ပွဲတွေကြောင့် ရခိုင်မြို့နယ် ထက်ဝက်ကျော်က ဗဟိုအစိုးရထိန်းချုပ်မှုအောက်က ယာယီလွတ်ကင်းနေပေမဲ့လည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလမ်းညွှန်မှုအရ ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်းကော်မတီရဲ့ စီစဉ်ကြီးကြပ်မှုနဲ့ ရခိုင်ပြည်နယ်ကို ပြန်လည်ထူထောင်ရေးပစ္စည်းတွေ ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်တွေနဲ့ ပို့ဆောင်ပေးလျက်ရှိရာမှာ မေလ ၇ ရက် နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ မှာယူတဲ့စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသုံးဆီ၊ ကျန်းမာရေးသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ ပရိဘောဂများနဲ့ ထင်းအစားထိုးလောင်စာများ အပါအဝင် စုစုပေါင်း ၁,၅၀၄ ဒသမ ၄၃ တန်ကို ကုန်တင်ရေယာဉ်နဲ့ The Myanmar Terminal (TMT) ဆိပ်ခံတံတားကနေ စစ်တွေမြို့ဆီ ပို့ဆောင်ပေးခဲ့သေးတာပါ။

ဒီလို ပို့ပေးနေတာကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဆီ ၂၀၂၃ ခုနှစ် မေလ ၁၆ ရက်ကနေ မေလ ၇ ရက်နေ့အထိ တစ်နှစ်အတွင်း တပ်မတော်စစ်ရေယာဉ်တွေအပါအဝင် ရေယာဉ်(၄၆) စီးနဲ့ ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနဲ့ကျန်းမာရေးပစ္စည်း၊ လူသုံးကုန်နဲ့ စားသောက်ကုန်တွေ ပါဝင်တဲ့ ကူညီကယ်ဆယ်ရေး ပစ္စည်း စုစုပေါင်း ၆၇,၇၄၁ ဒသမ ၉၂)တန်နဲ့ ဒီဇယ် ၂၄၉,၇၆၂ ဂါလံ၊ Octane 92 စက်သုံးဆီ ၁၉၉,၈၈၆ ဂါလံ ပို့ဆောင်ထောက်ပံ့ပေးထားတယ်လို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက သိရတာပါ။

ပုံစာ။ မေလ ၇ ရက်နေ့က ရခိုင်ပြည်နယ်သို့ပေးပို့လိုက်သော ကူညီထောက်ပံ့ရေးပစ္စည်းများ။

Leave a Reply

Your email address will not be published. Required fields are marked *