၇. ၅. ၂၀၂၄
Written by Hey Mar

လေပြင်းတိုက်ခတ် မိုးရွာသွန်းချိန် မိုးကြိုးပစ်ရာက စက်ကွင်းမလွတ်ဘဲ သားအမိနှစ်ဦး သတိလစ်မေ့လဲကျခဲ့တဲ့ဖြစ်စဥ် ဒီနေ့ မေလ ၇ ရက် နေ့လယ် ၁၁ နာရီအချိန်ခန့်က မွန်ပြည်နယ်၊
သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက်ကော်မှာဖြစ်ပွားခဲ့တယ်လို့ ပီတိနှလုံးသား လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်က သိမ်ဆိပ်အပိုင် မင်းတဲစုရက်ကွက်ရှိ အုတ်ဖိုမှာ အုတ်ဖိုနေရာက မိုးကြီးလေကြီးကျချိန် မိုးကြိုးပစ်ပြီး မိုးကြိုးစက်ကွင်းမလွတ်ကင်းဖြစ်ကြတာလို့ သိရပါတယ်။ အဆိုပါ မိုးကြိုးစက်ကွင်းမိသူ သားအမိမှာ ကျိုက်ကော် အပြင် အနန်းကုန်းပိုင်းမှာ နေထိုင်သူတွေဖြစ်ကြပြီး မဖြူဝင်း(၃၀)နှစ်နဲ့ သမီးဖြစ်သူ မဆောင်းနှင်းဖြူ(၁၁)နှစ်တို့ နှစ်ဦးလို့ သိရပါတယ်။

ပီတိနှလုံးသား လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ကျွန်တော့်ဆီ ဖုန်းနဲ့ဆက်သွယ်အကြောင်းလာတာပါ။ မိုးကြိုး စက်ကွင်းမိပြီး သားအမိနှစ်ဦး သတိလစ်နေတယ်ပေါ့။ ခြေလက်တွေ ဓာတ်လိုက်သလို ထုံကျဥ်ဝေဒနာ ခံစားရတာ။ အမေက လမ်းမှာသတိရတယ်။ ကလေးက ဆေးရုံရောက်တဲ့အထိ ကောင်းကောင်းသတိမလည်သေးဘူး” လို့ ပြောပါတယ်။

အဆိုပါ မိုးကြိုးစက်ကွင်းမိတဲ့ သားမိနှစ်ဦးကို ပီတိနှလုံးသားလူမှုကယ်ဆယ်ရေးနှင့်နာရေးကူညီမှုအသင်းက ဖြစ်စဥ်နေရာကနေ သိမ်ဆိပ်တိုက်နယ်ဆေးရုံဆီ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ သုဝဏ္ဏဝတီမြို့ကျိုက်ကော် သိမ်ဆိပ်မှာ မိုးရွာသွန်းကာ လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ရပ်ကွက်အချို့ရှိ သစ်ပင်သစ်ကိုင်းများကျိုးကျခြင်း၊ နေအိမ်နှင့် ဆိုင်အချို့ အမိုးများလွင်စင်ခြင်းများဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News