၇.၅.၂၀၂၄
Written By Thandar

အချစ်ဒရာမာ ဇာတ်လမ်းပုံစံ”တခုပ်တရ” ရုပ်ရှင်ဇာတ်ကားကြီး Premier Show ကို ယနေ့ မေလ ၇ ရက် ည‌နေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ဒီကားရဲ့ဝတ္ထုမူရင်းနာမည်ကတော့ ဆရာမြစစ်သည်ရဲ့ ချစ်သက်သေတည်ဆိုတဲ့ နာမည်ပါ။ ဒါပေမယ့် ကျွန်တော်က ကျွန်တော့်အကြောင်းနဲ့ ကျွန်တော် ဒီဇာတ် လမ်းကို တခုပ်တရလို့ နာမည်ပေးဖြစ်တာပါ။ ဒီကားကို ကျွန်တော် ၂၀၁၂ ခုနှစ်က တစ်ခါဝယ်ဖူးတယ်။ ၂၀၁၅ ခုနှစ်က ဒုတိယအကြိမ်ဝယ်တယ်။ အခုနောက်ဆုံး တတိယအကြိမ်မှ ဒီကားကို ပြန်ဖန်တီးဖြစ်တာပါ။ မြသက်ထားနွယ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အချစ်ကို ကိုယ်စားပြုပြီးပေးထားတဲ့ နာမည်လေးပါ။ ဒီဇာတ်ကားကို ကြည့်ပြီး အကောင်းဘက်ကပဲဖြစ်ဖြစ် အဆိုးဘက်ကပဲဖြစ်ဖြစ်ဝေဖန်ပေးကြပါလို့ ပြောချင်ပါတယ်”လို့ ဒါရိုက်တာ ဝိုင်းက ပြောပါတယ်။

လူစွမ်းကောင်း ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း မြှားစစ်သည် ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ဝိုင်းက ရန်ကုန်မြို့နဲ့ ရှမ်းပြည်နယ် အင်းလေးဒေသဘက်မှာ ရိုက်ကူးပုံဖော်ထားတာလည်းဖြစ်ပါတယ်။

“မိုး အနေနဲ့ ဒီကားမှာ အကောင်းဆုံးတော့ ကြိုးစားထားပါတယ်။ ဒီကားမှာ ဆံပင်ညှပ်လိုက်တော့ မထင်မှတ်တဲ့ အကြောင်းအရာလေးတွေ ဖြစ်ခဲ့တာလေးတွေရှိတယ်ပေါ့နော်။ မိုးရဲ့ စိတ်က မလုပ်ရင်တော့ မလုပ်ဘူး။ လုပ်ရင်တော့လည်း အပီပြင်ချင်ဆုံးဖြစ်ချင်တဲ့စိတ်နဲ့ အရာအားလုံးကို စွန့်လွှတ်ပြီး ကိုယ့်မြတ်နိုးတဲ့ဆံပင်ကိုလည်း စွန့်လွှတ်ခဲ့တာပါ” လို့ သရုပ်ဆောင် မိုးဟေကိုက ပြောပါတယ်။

သရုပ်ဆောင်အနေနဲ့ ကျော်ထက်အောင် ၊ ဗညားဘုန်းပြည့် ၊ ညီနန္ဒ ၊ နိုင်တံခွန် ၊ မိုးဟေကို ၊ ထက်ထက်ထွန်း ၊ မိုးခမ်း စတဲ့အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

“တခုပ်တရ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် မေလ ၁၀ ရက်နေ့ကစပြီး‌ မြန်မာတစ်ပြည်လုံးရှိ အဆင်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *