၇.၅.၂၀၂၄
Written by ZUN

ရန်ကုန်တွင် သိန်းပေါင်းငါးသောင်း ခြိမ်းခြောက်တောင်း သည့်အဖွဲ့ကို ဖမ်း၍ ရမန်ယူထားကြောင်း ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့တို့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

ပြီးခဲ့သည့် မေလ ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်တွင် ငွေကျပ်သိန်း ငါးသောင်း ပေးရန်ပြောဆိုကာ ခြိမ်းခြောက်ဖမ်းဆီးထားမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းတွင် ပါဝင်ပတ်သက်သည်ဆိုသူ ၇ ဦးကို ရဲတပ်ဖွဲ့က ဖမ်းမိထားကာ ရမန်ယူထားခြင်းဖြစ်ကြောင်း သိရသည်။

“မေလ ၆ ရက်နေ့ကနေ မေလ ၁၇ ရက်ထိ ချုပ်ရက် ရမန်ယူထားတယ်။ အဲဒီကာလမှာတော့ အမှုစစ်က စစ်ဆေးတာ တွေ ရှိမှာပေါ့” ရဲတပ်ဖွဲ့နှင့် နီးစပ်သူက MT News ကို ယနေ့ မေလ ၇ ရက်တွင် ပြောသည်။

မေလ ၄ ရက်က ဖြစ်ပွားခဲ့သော ထိုဖြစ်စဉ်မှာ အလုံမြို့နယ် နေသူ အသက် ၅၉ နှစ်အရွယ် မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းနိုင် (Golden Ace Trading Co.Ltd – ရေထွက်ပစ္စည်းပို့ကုန်လုပ်ငန်း) အား လူတစ်ဖွဲ့က ဖမ်းဆီးချုပ်နှောင် ရိုက်ပုတ်ခြိမ်း‌ခြောက်၍ သိန်းပေါင်း ငါးသောင်း တောင်းခဲ့သည့် အမှု ဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်တွင် ငွေအတောင်းခံရသူနှင့် တောင်းယူသည့် အဖွဲ့တို့ကြားတွင် ပြဿနာတစ်စုံတစ်ရာ (သို့မဟုတ်) အမှုအခင်းတစ်ခု ရှိခဲ့ဟန်တူကြောင်းလည်း အဆိုပါ နီးစပ်သူက သုံးသပ်ပြသည်။

“သူတို့က အနောက်ပိုင်းခရိုင်တရားရုံးမှာ ရင်ဆိုင်နေရတဲ့ တရားမမှုတစ်ခု ရှိတယ်လို့ သိရတယ်။ ဦးဝင်းနိုင်ကို သိန်းငါးသောင်းတောင်းတဲ့အဖွဲ့က သူတို့ရင်ဆိုင်နေရတဲ့ တရားမမှု ထွက်ဆိုချက် မိတ္တူစာရွက်ကိုထုတ်ပြပြီး ဟုတ်သလားလို့ မေးတယ်တဲ့အခါ ဦးဝင်းနိုင်ကလည်း ဟုတ်တယ်လို့ ပြောတယ်တဲ့။ ဒါကြောင့် ဟုတ်တယ်ဆိုရင် သိန်းငါးသောင်း ပေးပါဆိုပြီးတော့ တောင်းတယ်လို့ သိရတယ်။ သူတို့ အချင်းချင်း ညှိတာကတော့ သိန်းတစ်ထောင်နဲ့ ပြတ်တယ် ပြောတယ်။ဒါပေမဲ့ ဦးဝင်းနိုင်က အဲဒီလူတွေလက်ကနေ ပြန်လွတ်လာပြီးတဲ့နောက် အမှုဖွင့်တာ လို့ သိရတယ်”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူက ပြောပြသည်။

ထို့နောက် ဦးဝင်းနိုင်က ၎င်းအား သိန်းပေါင်း ငါးသောင်းတောင်းယူရန်အားထုတ်ခဲ့ကြသူများဖြစ်သော ဦးစိန်မြင့်၊ ဦးထွေးမြင့်နှင့် အမည်မသိသူများကို အရေးယူပေးရန် လမ်းမတော်မြို့မရဲစခန်းတွင်တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် လမ်းမတော်မြို့မရဲစခန်းက အမှုကြီးအမှတ်စဉ်(၄/၂၀၂၄)၊ (ပ)၄၆/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၆၅၊ ၃၈၆၊ ၃၄၂ ဖြင့် အမှုဖွင့်လှစ်ခဲ့ကာ သိန်းပေါင်း ငါးသောင်းတောင်းယူရန် အားထုတ်ခဲ့သူများအား မေလ ၅ ရက်က ဖမ်းဆီးခဲ့ကြောင်း ၊ ယင်းတို့မှာ ဦးထွေးမြင့်(စေခိုင်းသူ)၊ ဦးစိန်မြင့်(စီစဉ်ကြီးကြပ်သူ)၊ ဦးကံထွန်း(ခ)ဘို ကံ၊ ဦးမျိုး ကျော်၊ မျိုးထက်ကျော်(ခ)မင်းချစ်သူ၊ မင်းဇော်(ခ)စံပယ်(ခ) ကိုရဲ၊ စိုးသီဟတို့(၇)ဦးတို့ ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News