၇.၅.၂၀၂၄.
Translated by Htwe Ko Tun

ရုရှားနိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ မတ်လအတွင်းကပြုလုပ်ခဲ့သော ရုရှားနိုင်ငံ၏သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် လက်ရှိသမ္မတ ဗလာဒီမာပူတင်က ရုရှားသမ္မတအဖြစ် ပဉ္စမမြောက်သက်တမ်းကို တာဝန်ထမ်းဆောင်ရန်အတွက် မေလ ၇ ရက် မော်စကိုမြို့စံတော်ချိန် မွန်းတည့် ၁၂ နာရီတိတိတွင် ကျမ်းသစ္စာကျိန်ဆိုမှုပြုခဲ့သည်။

ပူတင်က သမ္မတအဖြစ် သက်တမ်းလေးခုတာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်ရာ ၂၀၀၀ ပြည့်နှစ်တွင် ပထမအကြိမ်က ၎င်းကို ရုရှားပြည်သူ ၅၂ ဒသမ ၉၄ ရာခိုင်နှုန်း ထောက်ခံခဲ့ကြသည်။ ၂၀၀၄ ခုနှစ်တွင် ထောက်ခံမဲ ၇၁ ဒသမ ၃၁ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ်တွင် ထောက်ခံမဲ ၆၃ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ထောက်ခံမဲ ၇၆ ဒသမ ၇ ရာခိုင်နှုန်းတို့ အသီးသီးရခဲ့သည်။ အသက် ၇၁ နှစ်ရှိပြီဖြစ်သော ပူတင်က ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင်မူ စံချိန်တင်ကာ ထောက်ခံမဲ ၈၇ ဒသမ ၂၈ ရာခိုင်နှုန်းအထိရရှိခဲ့သည်။

မေလ ၇ ရက်၌ ကရင်မလင်နန်းတော်အတွင်း လှည့်ပတ်ကြည့်ရှုခွင့်များအားလုံးကို ပိတ်ထားပြီး အထူးဖိတ်ကြားခံရသူများသာ ဝင်ရောက်ခွင့်ပေးထားပြီး အခမ်းအနားသို့ ဖိတ်ကြားထားသူ ထောင်နှင့်ချီ၍ တက်ရောက်ခဲ့ကြကြောင်းလည်းသိရသည်။ အမေရိကန်နှင့်အနောက်အုပ်စုနိုင်ငံများက မူ ပူတင်၏သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ကိုယ်စားလှယ်စေလွှတ်တက်ရောက်ခြင်း မရှိခဲ့ကြချေ။

သမ္မတပူတင်၏အနီးကပ်မဟာမိတ်တစ်ဦးလည်းဖြစ်သော ဆာဂျီခီမီဆော့ဗ်က “ရုရှားနိုင်ငံအတွက် ဆိုရရင် ကျွန်တော်တို့နိုင်ငံဟာ တည်ငြိမ်အေးချမ်းမှုရှိတဲ့လမ်းကြောင်းကို သွားနေတာပါ။ ဒါကိုလမ်းပေါ် မှာတွေ့တဲ့ ရုရှားပြည်သူတိုင်းကို ဟုတ်မဟုတ် မေးကြည့်နိုင်တယ်။ သမ္မတပူတင်က ပြန်လည်ရွေးချယ်ခံရပြီး ဒီလမ်းကြောင်းအတိုင်းပဲ ဆက်သွားမှာပါ။ ဒါကို အနောက်အုပ်စုကတော့ မလိုလားကြဘူး။ ဒါ‌ပေမယ့် ဒီအတွက် နားလည်ကြဖို့က ပူတင်က မူဝါဒအသစ်တွေချမှတ်ပြီး ရုရှားကိုဦးဆောင်မယ့် နောက် သမ္မတအသစ်တစ်ယောက်ထက် ရုရှားနိုင်ငံတည်ငြိမ်အေးချမ်းမှုကို ပိုပြီးဆောင်ကြဥ်းပေးနိုင်မယ်ဆိုတာပဲ” ဟု ကျမ်းသစ္စာကျိန်ဆိုပွဲတွင် Reuters သတင်းဌာနကိုပြောခဲ့သည်။

Ref-Tass, Reuters

Leave a Reply

Your email address will not be published. Required fields are marked *

Related News