၇.၅.၂၀၂၄
Written by ZUN

အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့်ကို အသက်အပိုင်းအခြားအလိုက် ပြန်လည်ခွင့်ပြုလိုက်ကြောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF )က သိရသည်။

“အခု အသက် Limit နဲ့ ပြန်ဖွင့်မယ်တဲ့။ အသက် ၁၈ နှစ်ကနေ ၂၂ ထိ လွှတ်မယ်။ ၂၃ ကနေ ၃၁ ထိ မလွှတ်ဘူး။ အဲဒီလို ဖြစ်သွားတယ်လို့ ကျွန်တော်တို့ သိရပါတယ်။ ဒီအကြောင်းတွေက တရားဝင် စာထုတ်ပြီးတော့ လုပ်တာတွေ မဟုတ်ဘူး။ ပထမတုန်းက ခွင့်မပြုတော့ဘူးဆိုတုန်းကလည်း တရားဝင် ထုတ်ပြန်ခဲ့တာ မဟုတ်ဘူး။ အခုလည်း အဲဒီလိုပါပဲ။ ဒါပေမဲ့ သတင်းက ဟုတ်တယ်”ဟု အဆိုပါ အဖွဲ့ချုပ်၏ တာဝန်ရှိသူက MT News ကို မေလ ၇ ရက်တွင် ပြောသည်။

အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့်ကိစ္စကို အသက် အကန့်အသတ်ဖြင့် ပြန်လည် ခွင့်ပြုလိုက်သည့် အတွက် ယင်းတို့အနေဖြင့် အလုပ်သမားအေဂျင်စီ ရုံးခန်းများ အလုပ်ပြန်လည် လုပ်ကိုင်ခွင့် ရှိလာကြမည်ဖြစ်၍ အပြုသဘောဆောင်သည့် အမြင်ဖြင့် ကြိုဆိုကြောင်းလည်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက ပြောသည်။

“အခုလို ပြန်လည်ခွင့်ပြုလိုက်တဲ့အတွက် အလုပ် ဆက်လုပ်လို့ရသွားတာပေါ့။ အသက်အကန့်အသတ်နဲ့ ခွင့်ပြုတာ ဖြစ်လို့ အလုပ်သမားတွေတိုင်းကိုတော့ စိစစ်ပြီးတော့မှ လုပ်ကိုင်ရမှာပေါ့။ ဘာပဲဖြစ်ဖြစ် ပိတ်ထားတာနဲ့ စာရင် အခုလို ခွင့်ပြုတာကတော့ ကောင်းတယ်လို့ပဲ ပြောချင်ပါတယ်”ဟု ပြည်ပ အလုပ်အကိုင်အေဂျင်စီ လုပ်နေသူ တစ်ဦးက MT News ကို ပြောပြသည်။

ပြီးခဲ့သည့် မေလ ၁ ရက်ကစ၍ အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့်ကို အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း အလုပ်သမားဝန်ကြီးဌာနက တရားဝင် ထုတ်ဖော် ပြောဆိုထားခဲ့ခြင်း ဖြစ်သည်။

ယင်သို့ ပိတ်ထားရခြင်းမှာ မည်သည့်အကြောင်းကြောင့်ဆိုသည်ကိုမူ ဝန်ကြီးဌာနဖက်က ထုတ်ဖော်မပြောဆိုသော်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့်ဟု ထင်ကြေးပေး ရေးသားမှုများ လူမှုကွန်ရက်တွင် ပျံ့နှံ့နေခဲ့သည်။

MT News သတင်းဌာနအနေဖြင့် အဆိုပါသတင်းအပေါ် အလုပ်သမားဝန်ကြီးဌာနနှင့် SAC အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့တို့ကို ဆက်လက်အတည်ပြုမေးမြန်းထားပြီး ဖြေကြားလာသည်များကို ထပ်မံဖော်ပြပေးမည်ဖြစ်သည်။

ပုံစာ။ ကိုရီးယားနိုင်ငံသို့ အလုပ်လုပ်ရန် ယနေ့ရောက်လာသည့် မြန်မာလုပ်သား ၁၇၀ မြင်ကွင်း

Leave a Reply

Your email address will not be published. Required fields are marked *

Related News