◼️ အစ္စရေးဘက်က ၎င်းတို့လိုလားချက်နှင့်မကိုက်ညီဟု ပြောကြား၊ ရာဖာမြို့ကိုဆက်လက်တိုက်ခိုက်

၇.၅.၂၀၂၄
Translated by Htwe Ko Tun

ဟားမားစ်တို့က ဂါဇာငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်မူပေါင်တစ်ရပ်ကို မေလ ၆ ရက် ညနေပိုင်းက လက်ခံခဲ့ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီအဆိုပြုချက်က အရင်တစ်ပတ်ကျော်က အစ္စရေးနဲ့ အီဂျစ်တို့ပြောခဲ့တဲ့ အဆိုပြုချက်နဲ့ ကွဲလွဲမှုတွေရှိနေတယ်လို့ အမေရိကန်အရာရှိတွေက ပြောခဲ့ကြပါတယ်။

ဟားမားစ်တို့ကတော့ သူတို့အနေနဲ့ အီဂျစ်နဲ့ ကာတာတို့တင်ပြတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ လဲလှယ်ရေးအဆိုပြုချက်ကို လက်ခံခဲ့တာလို့ဆိုပါတယ်။ ဒါပေမယ့် အစ္စရေးအရာရှိတွေက အဆိုပြုချက်မှာ ဟားမားစ်တို့ရဲ့ အသုံးအနှုန်းဖော်ပြချက်တွေက အစ္စရေးဘက်က မရှိမဖြစ်လိုအပ်တဲ့ လိုလားချက်တွေနဲ့မကိုက်ညီဘူးလို့ တုံ့ပြန်ခဲ့ကြပါတယ်။ အစ္စရေးက အတည်ပြုထားတဲ့ အဆိုပြုချက်နဲ့ ကွဲလွဲနေတယ်လို့ ဆိုခဲ့ကြပါတယ်။

ဟားမားစ်တို့သဘောတူခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်မှာ အဆင်သုံးဆင့်ပါဝင်ပါတယ်။ တစ်ဆင့်စီမှာ ၄၂ ရက်စီကြာရှည်ပြီး ဒုတိယအဆင့်မှာ အစ္စရေးတပ်ဖွဲ့တွေ ဂါဇာကမ်းမြောင်ကနေ‌ လုံးဝပြန်ဆုတ်ပေးရေးလည်းပါပါတယ်။

အဆိုပြုချက်ရဲ့ ပထမအဆင့်အရ ဟားမားစ်တို့က အထူးသဖြင့် အမျိုးသမီးတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းဖြစ်သူတွေ အထူးသဖြင့်ပါဝင်မယ့် ဓားစာခံ ၃၃ ဦးကို ပြန်လွှတ်ပေးမှာပါ၊ အပြန်အလှန်အနေနဲ့ အစ္စရေးဘက်က ဂါဇာဒေသမှတပ်ဖွဲ့များ တဖြည်းဖြည်းဆုတ်ခွာပေးရေး၊ ထောက်လှမ်းရေးပျံသန်းမှုများကို တစ်နေ့လျှင် ၁၀ နာရီခန့်ပြုလုပ်နေခြင်းကို ရပ်ဆိုင်းပေးရေး၊ လက်နက်ကိုင်ဆောင်မထားသော ပါလက်စတိုင်းများကို ဂါဇာကမ်းမြောင်အတွင်း လွတ်လပ်စွာသွားလာခွင့်ပြုရေးနဲ့ ပါလက်စတိုင်းအကျဉ်းသားတွေပြန်လွှတ်ပေးရေးတို့ လုပ်ဆောင်ပေးရမှာပါ။ ဒီအဆင့်မှာ ပြန်လွှတ် ပေးတဲ့ အစ္စရေးဓားစာခံတစ်ဦးစီအတွက် ပါလက်စတိုင်းအမျိုးသမီးနဲ့ ကလေး ၃၀ ဦးပြန်လွှတ်ပေးရမယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ပထမအဆင့်မှာ ဟားမားစ်ဘက်က လွှတ်ပေးမယ့် အစ္စရေး ဓားစာခံ ၃၃ ဦးမှာ အစ္စရေးအမျိုးသမီးတပ်ဖွဲ့ဝင်တွေလည်းပါပြီး သူတို့တစ်ဦးစီအတွက်တော့ အစ္စရေးဘက်က တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ပေးထားသူတွေအပါအဝင် ပါလက်စတိုင်းအကျဉ်းသား ၅၀ ဦးကိုလွှတ်ပေးရမှာပါ။ ဒုတိယအဆင့်ကိုတော့ အသေးစိတ်ဖော်ပြမထားဘဲ တတိယအဆင့်ကတော့ သုံးနှစ်မှ ငါးနှစ်အတွင်း ဂါဇာဒေသကို ပြန်လည်ထူထောင်ရေးဖြစ်ပါတယ်။

ဒါပေမယ့် အစ္စရေးဘက်ကလည်း မေလ ၇ ရက် နံနက်အစောပိုင်းနာရီတွေမှာ ရာဖာမြို့ကိုလေကြောင်းမှ ပြင်းထန်စွာတိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးဘက်က တိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်သွားမယ် လို့ဆိုခဲ့ပါတယ်။ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ မေလ ၇ ရက်မှာ ပြန်စတဲ့အခါ အစ္စရေးကိုယ်စားလှယ်အဖွဲ့ စေလွှတ်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။

အမေရိကန်သမ္မတအိမ်ဖြူတော်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့ကပါ အစ္စရေးတို့ရဲ့ ရာဖာမြို့ကို တိုက်ခိုက်မှုအပေါ် ဆန့်ကျင် ဝေဖန်မှုပြုခဲ့ကြပါတယ်။

Ref- CNN

Leave a Reply

Your email address will not be published. Required fields are marked *

Related News