ပုံစာ- ကုန်ကြမ်းတင်သွင်းပြီး ကုန်ချောထုတ်ကာ ပြည်ပသို့ တင်ပို့နေသည့် CMP အထည်ချုပ်လုပ်ငန်းများကို တွေ့ရစဉ်။

၇. ၅. ၂၀၂၄
Written by Ye Kyaw

ယခုဘဏ္ဍာနှစ် တစ်လအတွင်း ပြည်ပမှ CMP ကုန်ကြမ်းတင်သွင်းမှု လျော့ကျနေသော်လည်း CMP အပါအဝင် စက်မှုကုန်ချောတင်ပို့မှု ယခင်နှစ်ကာလတူထက် ပိုမိုတင်ပို့ထားနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ၂၆ ရက်အထိ တစ်လအတွင်း ပြည်ပမှ CMP ကုန်ကြမ်းတင်သွင်းမှု ဒေါ်လာ ၁၇၅ သန်းနီးပါးသာ တင်သွင်းထားပြီး ယခင်နှစ်ကာလတူထက် ‌တင်သွင်းမှုပမာဏ ဒေါ်လာ ၃ သန်းနီးပါး လျော့ကျခဲ့သည်။

သို့သော် ပြည်ပမှကုန်ကြမ်းတင်သွင်းကာ ပြည်တွင်း၌ ကုန်ချောထုတ်ပြီး ပြည်ပသို့ပြန်လည်တင်ပို့သည့် စက်မှုကုန်ချော တင်ပို့မှုသည် အဆိုပါကာလအတွင်း ဒေါ်လာ ၄၅၇ ဒသမ ၁၁၈ သန်းရှိပြီး ယခင်နှစ်ကာလတူထက် တင်ပို့မှုပမာဏ ဒေါ်လာ ၄ ဒသမ ၄ သန်းခန့် ပိုမိုတင်ပို့ထားနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့ကုန်ထုတ်လုပ်မှုသည် ခုနစ်လဆက်တိုက် ကျဆင်းခဲ့သော်လည်း ဝယ်လိုအားပြန်မြင့်တက်လာ၍ ပြီးခဲ့သည့် ဧပြီလအတွင်း ကုန်ထုတ်လုပ်မှုများ ပြန်လည်တိုးတက်ကာ ဦးမော့လာခဲ့ကြောင်း မေလ ၂ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ခုနစ်လဆက်တိုက် ကုန်ထုတ်လုပ်မှုကျဆင်းခဲ့သောကြောင့် စက်မှုကုန်ချောပစ္စည်းတင်ပို့မှု ဒေါ်လာ ၈ ဒသမ ၈၇၅ ဘီလျံသာရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ထက် တင်ပို့မှုပမာဏ ဒေါ်လာ ၂ ဘီလျံကျော်အထိ လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ပို့ကုန်တင်ပို့ရာတွင် လယ်ယာထွက်၊ တိရစ္ဆာန်ထွက်၊ ရေထွက်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်နှင့် စက်မှုကုန်ချောပစ္စည်းတို့ကို အဓိကတင်ပို့နေခြင်းဖြစ်ပြီး အဆိုပါတစ်လအတွင်း စုစုပေါင်းပို့ကုန်ပမာဏ ဒေါ်လာ ၈၈၇ ဒသမ ၅၂၂ သန်းရှိခဲ့၍ ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၄၀ ကျော် ပိုမိုတင်ပို့ထားနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *