◼️ မြို့ကြီးများကိုပင် တစ်မြို့လုံးဖျက်ဆီးနိုင်သည့် နည်းဗျူဟာမြောက်နျူကလီးယား လက်နက်များ ပါဝင်သည့်စစ်ရေးလေ့ကျင့်မှု ပြုသွားမည်ဟု ရုရှား ပြော

၇.၅.၂၀၂၄
Translated by Htwe Ko Tun

ဥရောပတိုက်ရဲ့ အနောက်အုပ်စုခေါင်းဆောင်တွေက ယူကရိန်းကို ထောက်ပံ့ကူညီမှုတွေ ပိုမိုပြုလုပ်ကြဖို့ အရိပ်လက္ခဏာတွေ ပြလာကြတဲ့နောက်မှာတော့ ရုရှားကလည်း နည်းဗျူဟာမြောက်နျူကလီးယားလက်နက်တွေပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုသွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဥရောပခေါင်းဆောင်တွေက ယူကရိန်းကို စစ်ရေးအထောက်အပံ့တွေ ပိုမိုပေးသွားကြဖို့ ပြောလာကြပြီးတဲ့နောက်မှာတော့ အနောက်အုပ်စုနဲ့ နေတိုးအဖွဲ့ဝင်တွေရဲ့ ယူကရိန်းကို တပ်ဖွဲ့တွေ ပို့ဖို့ကြေညာချက်တွေကိုလည်း တုံ့ပြန်တဲ့အနေနဲ့ ရုရှားသမ္မတပူတင်က နျူကလီးယားလက်နက်တွေပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ဖို့ အမိန့်ပေးထားတယ်လို့ ရုရှားအစိုးရက မေလ ၆ ရက်မှာ ပြောခဲ့ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ရုရှားတပ်ဖွဲ့တွေအနေနဲ့ မဟာဗျူဟာမြောက်မဟုတ်တဲ့ နျူကလီးယားလက်နက်တွေကို အသင့်ပြင်ဆင်ခြင်းနဲ့ တပ်ဖြန့်ချထားခြင်းတို့ကို အနောက်အုပ်စုတာဝန်ရှိသူတချို့ရဲ့ ရန်လိုတဲ့ကြေညာချက်တွေနဲ့ ခြိမ်းခြောက်မှုတွေအပြီးမှာ တိုက်ပွဲဝင်လုပ်ငန်းတွေအသင့်ရှိစေဖို့ လေ့ကျင့်သွားမယ်လို့ ဆိုခဲ့တာပါ။

မကြာမီပြုလုပ်မယ့် ဒီစစ်ရေးလေ့ကျင့်မှုတွေမှာ ဒုံးပျံဖွဲ့စည်းချထားမှုတွေကို တောင်ပိုင်းစစ်ခရိုင်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ရေတပ်ဖွဲ့တွေလည်း ပါဝင်လေ့ကျင့်မယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

ရုရှား မဟာဗျူဟာမြောက်နျူကလီယားတပ်ဖွဲ့တွေက ပုံမှန်အားဖြင့်လည်း စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်လေ့ ရှိပါတယ်။ ဒါပေမယ့်ဒီတစ်ခါမှာတော့ အရွယ်အားဖြင့် ပိုမိုသေးငယ်လေ့ရှိပြီး သူတို့ရဲ့ပေါက်ကွဲမှုစွမ်းအားက မြို့ကြီးတွေကိုတောင် တစ်မြို့လုံးဖျက်ဆီးပစ်နိုင်တဲ့ နည်းဗျူဟာမြောက်နျူကလီးယား လက်နက်တွေပါဝင်လာခြင်းက ထူးခြားနေခြင်းလို့ဆိုရမှာပါ။

ပြင်သစ်သမ္မတ မက်ခရွန်က ပြီးခဲ့တဲ့အပတ်အတွင်း ပြင်သစ်တပ်ဖွဲ့တွေ ယူကရိန်းကိုပို့ဖို့စဉ်းစားမယ်လို့ ပြောခဲ့တာရယ်၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းကလည်း ယူကရိန်းအနေနဲ့ အလိုရှိရင် ရုရှားပြည်တွင်းရှိ ပစ်မှတ်တွေကိုတိုက် ခိုက်ဖို့ ဗြိတိန်ရဲ့လက်နက်တွေကို အသုံးပြုနိုင်မယ်လို့ ပြောခဲ့တာတွေကြောင့် ရုရှားအစိုးရကလည်း ခုလိုတုံ့ပြန်မှုတွေ လုပ်လာတာပါ။

ရုရှားအစိုးရက တကယ်လို့များ ဥရောပနိုင်ငံတွေက သူတို့တပ်ဖွဲ့တွေ ယူကရိန်းကိုပို့ခဲ့ရင် ရုရှားနဲ့ နေတိုးအကြား ပဋိပက္ခက မလွဲမရှောင်သာဖြစ်ရလိမ့်မယ်လို့လည်း သတိပေးထားခဲ့ပါတယ်။

ရုရှားက နျူကလီယားထိပ်ဖူး ၅,၉၇၇ ခု ပိုင်ဆိုင်ထားတဲ့အနက် ၁,၅၈၈ ခု ကို လက်ရှိ တပ်ဖြန့်ချထားပြီး ဖြစ်ပါတယ်။ သူတို့က တိုက်ကြီးတစ်တိုက်မှ အခြားတစ်တိုက်သို့ လှမ်းပစ်နိုင်တဲ့ တာဝေးပစ်ဒုံးပျံတွေနဲ့ ဗုံးကြဲလေယာဉ်ကြီးတွေမှာ တပ်ဆင်ထားပါတယ်။ ဒီတော့ကာ အမှန်တစ်ကယ်သာ နျူကလီးယားလက်နက်တွေနဲ့ တိုက်လာကြမယ်ဆိုရင် လူသားတွေသန်းပေါင်းများစွာ သေကြရမယ့်အပြင် အသက်ရှင်ကျန်ရစ်သူတွေမှာလည်း နောက်ဆက်တွဲ ဒုက္ခဆိုးကျိုးများစွာ ရင်ဆိုင်ကြရပါလိမ့်မယ်။

Ref- Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *

Related News