၇.၅.၂၀၂၄
Written by KL

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နယ်၊ ပင်မှီကျေးရွာအုပ်စု၊ ကျောက်ဆင့်ရွာတွင် မေလ ၆ ရက် နံနက်ပိုင်းက နွားစာကျွေးရန် ဒန္တကူးပန်းတက်ခူးသည့် အဘိုးအိုတစ်ဦး ကျောက်ဆောင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

အသက် ၇၆ နှစ်အရွယ်ရှိ ပြုတ်ကျသေဆုံးသူအဘိုးအိုမှာ ကျောက်ဆင့်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ရွာ၏မြောက်ဘက်ရှိ ၁၈ ပေခန့်မြင့်သော ကျောက်ဆောင်ပေါ်သို့ ဒန္တကူးပန်းတက်ခူးရာမှ ကိုင်းကျိုးကျ၍ ကျောက်ဆောင်နှင့်ရိုက်မိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့တွေ့တော့ ဦးခေါင်းဘယ်ဘက်ချိုင့်ဝင်ဒဏ်ရာနဲ့ မျက်လုံးနဲ့ နှာခေါင်းမှာသွေးထွက်ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့တယ်”ဟု အလောင်းကို သယ်ယူပေးခဲ့သော နာရေးကူညီမှုအသင်း(အောင်ပန်း)မှအသင်းဝင်တစ်ဦးက ပြောသည်။

သေဆုံးသူ၏ရုပ်အလောင်းကို ကျေးရွာမှတစ်ဆင့် အသင်းဝင် ၈ ဦးဖြင့် သွားရောက်သယ်ဆောင်ပေးခဲ့ပြီး အောင်ပန်း​ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *