၇. ၅. ၂၀၂၄
Written by Ye Kyaw

ဒေါ်လာဈေး မြင့်တက်နေမှုကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ Online Trading Platform မှတစ်ဆင့် တရုတ်ယွမ် ၂ ဒသမ ၅ သန်း ယနေ့ ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်အနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် Online Trading Platform မှတစ်ဆင့် ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်များ ရောင်းချပေးလျက်ရှိသည်။ ဖေဖော်ဝါရီ ၂ ရက်မှစတင်၍ မေလ ၇ ရက်(ယနေ့)အထိ သုံးလကျော်တွင် ၁၀ ကြိမ်ရောင်းချပေးမှု စုစုပေါင်းနိုင်ငံခြားငွေပမာဏ ဒေါ်လာ ၂၁ သန်း၊ တရုတ်ယွမ် ၁၆ ဒသမ ၅ သန်းနှင့် ထိုင်းဘတ် ၁၉၆ သန်းအထိရှိပြီဖြစ်သည်။

ထို့ပြင် Online Trading Platform မဟုတ်သည့် နိုင်ငံခြား ငွေဈေးကွက်သို့ ဇန်နဝါရီ ၁ ရက်မှစ၍ မတ်လ ၄ ရက်အထိ နှစ်လကျော်အတွင်း ဒေါ်လာ ၁၅ ကြိမ်ထုတ်ရောင်းပေးထားပြီး အဆိုပါ ၁၅ ကြိမ်အတွင်း ဒေါ်လာ ၁၄၉ ဒသမ ၃၁ သန်း ထုတ်ရောင်းပေးထားသလို ဇန်နဝါရီ ၁၉ ရက်မှစ၍ မတ်လ ၄ ရက်အထိ တစ်လခွဲအတွင်း ထိုင်းဘတ်သန်း ၁၃၀၀ ထုတ်ရောင်းပေးထားသည်။ အလားတူ ဇန်နဝါရီ ၁ ရက်တွင် အမေရိကန်ဒေါ်လာ ၄ သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၎င်းနှင့်ညီမျှသော နိုင်ငံခြားငွေထုတ်ပေးခြင်း) စနစ်ဖြင့် ဗဟိုဘဏ်က ထုတ်‌ရောင်းပေးထားသည်။

နိုင်ငံခြားငွေဈေးကွက်သို့ မဟုတ်ဘဲ သီးခြားအနေဖြင့် လူသုံးကုန်နှင့် ‌ဆေးဝါးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်သွယ်ရေးပိုင်းဆိုင်ရာ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၁ ဒသမ ၄ သန်း၊ တရုတ်ယွမ် ၄ ဒသမ ၂ သန်းနှင့် ထိုင်းဘတ် ၁၃ ဒသမ ၅ သန်း ရောင်းချပေးခဲ့သလို စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် လိုအပ်သည့် ဒေါ်လာများကို နှစ်ကြိမ်ထုတ်ရောင်းပေးခဲ့မှု စုစုပေါင်းပမာဏ ဒေါ်လာ ၂၂ ဒသမ ၁၅ သန်းရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ဒေါ်လာနှင့် နိုင်ငံခြားငွေများ ရောင်းချပေးနေခြင်းအပြင် ငွေလဲကောင်တာများကိုလည်း ရှောင်တခင် ဝင်ရောက်စစ်ဆေးကာ Money Changer ၄၈ ခုအထိ အရေးယူဆောင်ရွက်ထားသော်လည်း ငွေလဲလှယ်နှုန်းများ ဆက်လက်မြင့်တက်လျက်ရှိကာ ဧပြီ ၂၄ ရက်တွင် တစ်ဒေါ်လာ ကျပ် ၃၉၀၀ သို့ရောက်ရှိခဲ့ပြီး ယနေ့တွင် တစ်ဒေါ်လာကျပ် ၃၉၆၀ အထိ မြင့်တက်နေသည်။

Leave a Reply

Your email address will not be published. Required fields are marked *