၇. ၅. ၂၀၂၄
Written by Nyein Kyaw

မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် အိမ်ရာအဆောက်အအုံကဏ္ဍတို့တွင် ဒေါ်လာ ၉ သန်းကျော်နှင့် ကျပ်ဘီလျံ ၂၈၀ ကျော်တန်ဖိုးရှိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၇ ခု ထပ်မံခွင့်ပြုပေးခဲ့ကြောင်း မေလ ၆ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)၏ (၅/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။

အဆိုပါအစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍတို့မှ နိုင်ငံခြားနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၇ ခုကို ခွင့်ပြုပေးခဲ့ပြီး ယင်းလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၂၈၁ သန်းနှင့် ငွေကျပ် ၂၈၂၇၀၂ ဒသမ ၈၉၅ သန်း (ကျပ် ၂၈၂ ဒသမ ၇၀၂ ဘီလျံ)ဖြစ်ကာ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၄၂၃ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဧပြီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် စွမ်းအင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၄၇ ရာခိုင်နှုန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၄၃ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၄၇ ရာခိုင်နှုန်းတို့ဖြင့် အများဆုံးရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *