၇. ၅. ၂၀၂၄
Written by Nyein Kyaw

ဂျပန်နိုင်ငံ ဆူရာတိုမိုကုမ္ပဏီနှင့် အကျိုးတူပူ‌ပေါင်းဆောင်ရွက်နေသည့် ရွှေတောင်အထည်စက်ရုံ၏ ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် သဘာဝဓာတ်ငွေ့ဝယ်ယူနိုင်ရေးအတွက် စွမ်းအင်ဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့ လက်မှတ်ရေးထိုးခဲ့ကြောင်း မေလ ၆ ရက်တွင် ပြုလုပ်သည့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် စက်မှုဝန်ကြီးဌာန၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) အတွက် သဘာဝဓာတ်ငွေ့ ဝယ်ယူ၊ ရောင်းချမှု သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားမှ သိရသည်။

စက်မှုဝန်ကြီးဌာနမှထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများအား ဈေးကွက်အတွင်း ယှဉ်ပြိုင်ရောင်းချနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပြီး အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) မှ ထုတ်လုပ်သော ပိတ်ဖြူ၊ ပိတ်ညိုများကို အဖြူချွတ်ပြီး ဂျပန်နိုင်ငံ ဆူရာတိုမိုကုမ္ပဏီလီမိတက်နှင့် အကျိုးတူပူးပေါင်း၍ ဆေးဆိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်သည်။

ပြည်တွင်း၌ လိုအပ်သောအထည်များ ချုပ်လုပ်နိုင်ရန်အတွက် ပိတ်များရက်လုပ်ခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပြီး စက်ရုံအနေဖြင့် ရရှိလာသည့်အခွင့်အလမ်းများကို အမိအရဆုပ်ကိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် သဘာဝဓာတ်ငွေ့ရရှိပါက ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်မည့်အပြင် ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးများသည်လည်း တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်းနှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပို့လွှတ်သည့် သဘာဝဓာတ်ငွေ့များကို အကျိုးရှိ ထိရောက်စွာ အသုံးပြုသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။

အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) အတွက် လိုအပ်သော သဘာဝဓာတ်ငွေ့များကို ရေနံချောင်းမြို့ရှိ ခွဲလွှတ်ရုံ (Off-take) မှ ပေးပို့နိုင်ရေးအတွက် သီးသန့်ပိုက်လိုင်းတစ်ခု တည်ဆောက်ပေးခဲ့ပြီး သဘာဝဓာတ်ငွေ့၊ ရေနံများကို ကန့်သတ် ချက်များဖြင့် ထုတ်ယူနေရသည့်အတွက် ပို့လွှတ်သည့် သဘာဝဓာတ်ငွေ့များကို အကျိုးရှိထိရောက်စွာ သုံးစွဲစေလိုကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောကြားခဲ့သည်။

စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) သို့ သဘာဝဓာတ်ငွေ့များကို ၁၉၈၇ ခုနှစ်မှစတင်၍ ပြည်ရေနံမြေ၊ အဖျောက်ရေနံမြေတို့မှ ပို့လွှတ်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် စက်မှုဝန်ကြီးဌာနရှိ စက်ရုံ ၁၂ ရုံ သို့ တစ်နှစ်လျှင် ၃၀ ကုဗပေသန်း ပို့လွှတ်ပေးလျက်ရှိကြောင်း၊ အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) အနေဖြင့် စာချုပ်ချုပ်ဆိုထားသည့် ပမာဏအတိုင်း သုံးစွဲစေလိုကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လိုအပ်ချက်များရှိပါက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

သဘာဝဓာတ်ငွေဝယ်ယူရေးဆိုင်ရာအတွက် အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက သဘာဝ ဓာတ်ငွေ့ဝယ်ယူရရှိမှုအခြေအနေ၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက သဘာဝဓာတ်ငွေ့ ရောင်းချမှု၊ ပို့လွှတ်မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး သဘာဝဓာတ်ငွေ့ ဝယ်ယူ၊ ရောင်းချမှု သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *