၆. ၅. ၂၀၂၄
Written by Ye Kyaw

ယခု ၂၀၂၄ ခုနှစ်အတွက် အခွန်စည်းကြပ်ရန် သတ်မှတ်မြေဈေးနှုန်းများ ထုတ်ပြန်ပြီးနောက် ရန်ကုန်မြို့အိမ်ခြံမြေဈေး ဈေးနှုန်းမာနေသော်လည်း အရောင်းအဝယ်အေးကာ လုံးချင်းအိမ်များသာ အရောင်းအဝယ်ဖြစ်နေကြောင်း ရန်ကုန်တိုင်းအတွင်းရှိ အိမ်ခြံမြေလုပ်ငန်းရှင်ကြီးများထံမှ သိရသည်။

“ဒီလိုထွက်လာပြီးနောက်ပိုင်းက နည်းနည်းတော့ ဈေးကမာပြီးတော့ အရောင်းအဝယ်အေးနေတာပေါ့။ ဈေးကွက်အေးတာပေါ့။ အရောင်းအဝယ်က မြို့ထဲများတယ်။ ရန်ကင်းတို့၊ ဗဟန်းတို့၊ မရမ်းကုန်းတို့၊ လုံးချင်းတွေအဖြစ်များတယ်” ဟု ရန်ကုန်တိုင်းအတွင်းရှိ ဝါရင့်အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးက MT News သို့ ပြောသည်။

လတ်တလောတွင် ရန်ကုန်မြို့၏ ဖွံ့ဖြိုးပြီးမြို့နယ်များရှိ ကျပ်သိန်းသောင်းချီ အိမ်ခြံမြေများသာ ခပ်အေးအေးဖြင့် အရောင်းအဝယ်ဖြစ်နေပြီး အရောင်းအဝယ် အေးနေသော်လည်း ‌ငွေကြေးတန်ဖိုး ကျဆင်းနေမှုကြောင့် လက်ရှိဖြစ်ပေါ်နေသည့် အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းလာနိုင်သည့် အခြေအနေမရှိသေးကြောင်း သုံးသပ်ထားသည်။

“သိန်းတစ်သောင်းကနေ လေး၊ ငါးသောင်းလောက်ထိတော့ဖြစ်နေတာပဲလေ။ ဒါပေမဲ့ မမြိုင်ဘူးပေါ့လေ။ ခပ်အေးအေးဖြစ်နေတာ။ အိမ်ခြံမြေနဲ့ ပတ်သက်ပြီး ပြောစရာရှိတာတော့ ဈေးကတော့ ဆင်းဖို့တော့ မမြင်ဘူး။ ငွေတန်ဖိုးကျနေတော့လေ။ အဲဒါကြောင့်လည်း ဈေးကိုချမရောင်းကြတာ” ဟု ၎င်းက ပြောသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခွန်စည်းကြပ်ရန် သတ်မှတ်မြေဈေးမှာ ကမာရွတ်မြို့နယ်၊ ပြည်လမ်းပိုင်းရှိမြေကွက် တစ်စတုရန်းပေ ကျပ် ၆၀၀,၀၀၀ (ပေ ၁၀၀ ပတ်လည်အတွက် ကျပ်သိန်းခြောက်သောင်း) ဖြင့်သာ အများဆုံးသတ်မှတ်ထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မြေရောင်း/ဝယ်ခြင်းအပေါ် အခွန်စည်းကြပ်ရန် နှုန်းထားများအရ သိရသည်။

လတ်တလောတွင် အဓိကအရောင်းအဝယ်ဖြစ်ပေါ်နေသည့် ရန်ကုန်မြို့တွင်း၊ ရန်ကင်း၊ ဗဟန်းနှင့် မရမ်းကုန်မြို့နယ်များ၏ အခွန်စည်းကြပ်ရန် သတ်မှတ်မြေဈေးနှုန်းများမှာ ရန်ကုန်မြို့တွင်း လမ်းမတော်၊ ပန်းဘဲတန်း၊ လသာ၊ ဗိုလ်တထောင်၊ ပုဇွန်တောင်နှင့် ကျောက်တံတားမြို့နယ်များအတွင်းရှိ ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလမ်း၊ ကုန်သည်လမ်း၊ ကမ်းနားလမ်းနှင့် ဘုန်းကြီးလမ်း စသည့်လမ်းမကြီးများတွင် တစ်စတုရန်းပေအတွက် ကျပ် ၃၄၀,၀၀၀ ဖြင့်အများဆုံး သတ်မှတ်ထားပြီး အခြားလမ်းမကြီးတွင် ကျပ် ၂၅၀,၀၀၀ မှ ကျပ် ၂၉၀,၀၀၀ အထိ သတ်မှတ်ထားသည်။

ဗဟန်းမြို့နယ်အတွင်းရှိ ကမ္ဘာအေးဘုရားမကြီးတွင် တစ်စတုရန်းပေ ကျပ် ၄၈၀,၀၀၀ ၊ ကျန်လမ်းမကြီးများတွင် ကျပ် ၂၂၀,၀၀၀ မှ ကျပ် ၃၅၀,၀၀၀ အထိ၊ နံပါတ်တပ်လမ်းနှင့် လမ်းသွယ်များတွင် ကျပ် ၁၃၀,၀၀၀ မှ ကျပ် ၁၈၀,၀၀၀ အထိ သတ်မှတ်ထားသည်။ မရမ်းကုန်းမြို့နယ်အတွင်းရှိ ပြည်လမ်းမတွင် တစ်စတုရန်းပေအတွက် ကျပ် ၄၈၀,၀၀၀ နှင့် ရပ်ကွက်အတွင်းလမ်းတွင် ကျပ် ၄၀,၀၀၀ မှ ကျပ် ၂၂၀,၀၀၀ အထိ အများဆုံး သတ်မှတ်ထားခြင်းဖြစ်သည်။

ရန်ကင်းမြို့နယ်အတွင်းရှိ ကမ္ဘာအေးဘုရားလမ်းမကြီးတွင် တစ်စတုရန်းပေ ကျပ် ၅၅၀,၀၀၀ ကျပ်၊ အတွင်းလမ်းများတွင် ကျပ် ၂၅၀,၀၀၀၊ အခြားလမ်းမကြီးများတွင် ကျပ် ၂၂၀,၀၀၀ မှ ကျပ် ၂၅၀,၀၀၀ အထိနှင့် ရပ်ကွက်အတွင်းလမ်းများတွင် ကျပ် ၈၀,၀၀၀ မှ ကျပ် ၂၀၀,၀၀၀ အထိ သတ်မှတ်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *