၆.၅.၂၀၂၄
Written by KL

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျခတ်ငူကျေးရွာအနီး၊ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်း မိုင်တိုင်အမှတ် ၁၈၀/၃ နှင့် ၄ အကြားရှိ လမ်းကွေ့တွင် မေလ ၅ ရက် ည ၇ နာရီခွဲက ဆိုင်ကယ်ကို ၁၂ ဘီးကား ဝင်တိုက်ရာမှ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အသက် ၄၀ ကျော်အရွယ် သူငယ်ချင်း အမျိုးသမီးနှစ်ဦးမှာ မော်လမြိုင်မှ ဇင်းကျိုက်သို့ ဆိုင်ကယ်မောင်းနှင်ကာ ​ပြန်လာစဥ် တစ်ဖက်ယာဥ်ကြောမှ ကွေ့ကြောကို အရှိန်ဖြင့်မောင်းပြီး လမ်းကြောင်းမှားဝင်လာသော ဖူဆိုအမျိုးအစား ၁၂ ဘီးကုန်တင်ယာဥ်က ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဥ်တိုက်မှုကြောင့် အသက် ၄၄ နှစ်အရွယ် ဒေါ်မြသီတာနှင့် အသက် ၄၆ နှစ်အရွယ် ဒေါ်ညိုမာထွေးတို့၏ ညာဘက် မျက်နှာ၊ ဦးခေါင်း၊ လက်နှင့်ခြေထောက်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် မုတ္တမတိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဥ် သေဆုံးခဲ့ကြောင်း သိရသည်။

“သူတို့က သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပါ။ ဇင်းကျိုက်မြို့ ဖလပ်ရပ်ကွက်မှာနေတဲ့သူတွေ မော်လမြိုင်ကနေ ဇင်းကျိုက်ကိုအပြန်မှာ ဖြစ်သွားတာ”ဟု ဇင်းကျိုက်ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူနှစ်ဦး၏ရုပ်အလောင်းကို မေလ ၆ ရက် မွန်းလွဲပိုင်းက ဖလပ်သုသာန်သို့ ပို့ဆောင်ကာ သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

အမျိုးသမီး၂ ဦးသေဆုံးမှုနှင့် ပတ်သက်၍ ၁၂ ဘီးယာဥ်မောင်း ဦးသန့်ဇော်ဦးကို ပုဒ်မ ၂၇၉/၃၀၄(က)ဖြင့် မုတ္တမနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *