၆. ၅. ၂၀၂၄
Written by Shwe Phyo

ထိုင်းနိုင်ငံ ဖူးခက်မြို့ရှိ ကာလင်ကမ်းခြေတွင် မေလ ၅ ရက်နေ့က ရေဆင်းကူးခဲ့သော မြန်မာနိုင်ငံသားနှစ်ဦးအနက်မှ တစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသား ကိုနေမျိုးဇော်သည် သူငယ်ချင်းများနှင့်အတူ ကမ်းခြေတွင်အနားယူရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အန္တရာယ်ရှိကြောင်း သတိပေးမှုများရှိနေသော်လည်း ကိုနေမျိုးဇော်နှင့် အခြားသူငယ်ချင်းတစ်ဦးတို့သည် ကာလင်ကမ်းခြေတွင် ရေဆင်းကူးခဲ့ကြောင်း ၎င်းတို့နှင့်အတူလိုက်ပါသွားသော မိတ်ဆွေသူငယ်ချင်းများက ပြောသည်။

ရေထဲသို့ဆင်းသွားသော ကိုနေမျိုးဇော်နှင့် အခြားသူငယ်ချင်းဖြစ်သူတို့သည် ရေကူးရန်အန္တရာယ်ရှိနေသော နေရာအဖြစ်သတ်မှတ်ထားကာ အလံတင်စိုက်ထူသတိပေးမှုများကို မသိကျိုးကျွံပြုရေကူးခဲ့ပြီးနောက် ရေနစ်သေဆုံးခဲ့ခြင်းမျိုးဖြစ် ကြောင်း သိရသည်။

ရေနစ်မှုသတင်းကို လက်ခံရရှိခဲ့ပြီးနောက် ဖူးခက်မြို့ရှိ ကုဆော်ဟမ်းဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် ရေနစ်နေသူများကို ကူညီကယ်ဆယ်ရန် ကြိုးပမ်းခဲ့ပြီး ရေနစ်ခဲ့သူနှစ်ဦးအနက်မှ တစ်ဦးကို အသက်ရှင်လျက် ပြန်လည်ကယ်တင်နိုင်ခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် မြန်မာနိုင်ငံသားတစ်ဦးကို အသက်ရှင်လျက် ပြန်လည်ကယ်တင်နိုင်ခဲ့ပြီးနောက် ကျန်ရှိနေသော အသက် ၂၀ အရွယ် ကိုနေမျိုးဇော်ကို ထပ်မံရှာဖွေခဲ့ရာ မိနစ် ၂၀ အကြာတွင် ကိုနေမျိုးဇော်၏ ရုပ်အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း အဆိုပါဖောင်ဒေးရှင်းတာဝန်ရှိသူများက ပြောသည်။

ကိုနေမျိုးဇော်သည် အဆိုပါကမ်းခြေသို့ ဂီတာတီးရန်၊ အရက်သောက်စား အပန်းဖြေရန်ရည်ရွယ်ချက်ဖြင့် အခြားသူငယ်ချင်း သုံးဦးနှင့်အတူ လာရာက်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ သို့သော်လည်း ကိုနေမျိုးဇော်နှင့်အခြားသူငယ်ချင်းတစ်ဦးတို့သည် ကမ်းခြေတွင် ရေကူးရန်ဆုံးဖြတ်ခဲ့ပြီးနောက် အန္တရာယ်ရှိသည့်နေရာအဖြစ် အလံနီစိုက်ထူကာ သတိပေးထားသည့်နေရာနားကို ဆင်းခဲ့ပြီးနောက် လှိုင်းပုတ်မှုခံရကာ ပင်လယ်ဘက်သို့ လွင့်မျောခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့နှင့်အတူလိုက်ပါသွားသော မိတ်ဆွေသူငယ်ချင်းများကပြောသည်။

REF Aseannow

Leave a Reply

Your email address will not be published. Required fields are marked *

Related News