၆.၅.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြိုနယ်၊ အမှတ်(၅)ရပ်ကွက်၊ သံသုမာလမ်းမပေါ်၊ မြင်သာမှတ်တိုင်အနီးတွင် မေလ ၅ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်က အမျိုးသမီး ၁ ဦး လဲကျသေဆုံးနေသော ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သွားရောက်ကူညီခဲ့သော ပရဟိတအသင်းထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး အရက်သောက်စားပြီး လမ်းဘေးတွင် အိပ်ပျော်ရင်း ရုတ်တရက်သေဆုံးသွားခြင်းဖြစ်သည်ဟု ယူဆရကာ ပြင်ပဒဏ်ရာမတွေ့ရှိရကြောင်း မေတ္တာသီတာရေစင် ပရဟိတအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။

“သူက အရက်သောက်ပြီး မူးပြီးအိပ်ပျော်ရင်း သေဆုံးသွားတဲ့ပုံစံပါ။ တခြားအကြောင်းကြောင်းတွေကြောင့်တော့ မဟုတ်ပါဘူး။ အခုထိ ပိုင်ရှင်မပေါ်သေးပါဘူး”ဟု မေတ္တာသီတာရေစင် ပရဟိတအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို အသင်းဝင် ၅ ဦးဖြင့် သွားရောက်သယ်ဆောင်ကာ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *