၆. ၅. ၂၀၂၄
Written by Thettant

ဒီနေ့ မေလ ၆ ရက် မနက် ၃ နာရီ ၃၅ မိနစ်အချိန်ခန့်မှာ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာ အုပ်စု၊ ညောင်ပင်စောက်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ အမှိုက်ပုံ မီးလောင်မှုကို အချိန် ၈ နာရီကျော် ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

“အမရပူရမြို့နယ် တောင်အင်းမြောက်အင်းအမှိုက်ပုံလို့ခေါ်တာပေါ့။ ဒီနေ့မနက် မီးလောင်တာက ညသန်းခေါင်အချိန်ကတည်းကပဲ။ အမှိုက်ပုံကကြီးတာရော၊ လှိုက်လောင်နေတာရော၊ လေတိုက်တာရောကြောင့် မီးကြီးလို့ အချိန်တော်တော်ကြာကြာငြှိမ်းရတယ်။ ဘေးနားက အိမ်တွေလည်း လောင်တဲ့အထဲပါသွားတယ်။ ဘယ်ကစလောင်တယ်ဆိုတာနဲ့ အိမ်ဘယ်နှစ်အိမ်ပါသွားတယ်ဆိုတာကတော့ တာဝန်ရှိသူတွေစစ်ဆေးနေဆဲပဲ” လို့ မီးလောင်မှုကို ကူညီငြှိမ်းသတ်ပေးတဲ့ ပရဟိတအဖွဲ့ဝင်တစ်ဦးက MT News ရဲ့ မေးမြန်းမှုအပေါ် ကနဦးသိရသမျှ ရှင်းပြပါတယ်။

ဒီမီးလောင်မှုကို အမရပူရမြို့နယ် မီးသတ်စခန်းက မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ဖျောက်ဆိတ်ကုန်းအရန်မီးသတ်စခန်းက မီးသတ်ရေသယ်ယာဉ် (၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ မြစ်ငယ်နယ်မြေမီးသတ်စခန်းက မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ပြည်ကြီးတံခွန်မြို့နယ် လောကပါလအရန်မီးသတ်စခန်းက မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ယာတော်အရန်မီးသတ်စခန်းက မီးသတ်ရေသယ်ယာဉ် (၁)စီး၊ သင်ပန်းကုန်းအရန်မီးသတ်စခန်းက မီးသတ်ရေသယ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့သလို မန္တလေးမြို့ပေါ်က ပရဟိတအဖွဲ့အစည်းအများအပြားကလည်း ပါဝင်ငြှိမ်းသတ်ကူညီပေးခဲ့ပြီး ဒီနေ့လယ် ၁၁ နာရီအချိန်မှ မီးထိန်းနိုင်ခဲ့တဲ့အပြင် လက်ရှိနေ့လယ် ၁ နာရီခန့်အထိလည်း မီးကြွင်းမီးကျန်မရှိရအောင် ဂရုတစိုက် ငြှိမ်းသတ်နေတယ်လို့ သိရပါတယ်။

Photo – Than Htay ၊ MFSD & မဏီစလ

Leave a Reply

Your email address will not be published. Required fields are marked *