၅. ၅. ၂၀၂၄
Written by Nyein Kyaw

မြန်မာနိုင်ငံတွင် နှစ်စဉ်မီးလောင်မှုများ ဖြစ်ပွားလျက်ရှိရာ ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ၁၀ နှစ်တာကာလအတွင်း မီးလောင်မှုအကြိမ်ပေါင်း ၁၈,၀၀၀ ခန့် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ၁၈၇ ဘီလျံကျော်ရှိကြောင်းနှင့် နိုင်ငံတစ်ဝန်းလုံး ပျမ်းမျှအားဖြင့် တစ်နှစ် အကြိမ်ရေ ၁,၈၀၀ ခန့် မီးလောင်မှု ဖြစ်ပွား၍ ဆုံးရှုံးမှုကလည်း တစ်နှစ်လျင် ၁၈ ဘီလျံကျော်ဆုံးရှုံးနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယနေ့ ပြလုပ်သည့် ၇၈ ကြိမ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားတွင် ပြောကြားသည်။

ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုနှင့်အတူ နိုင်ငံအလိုက် လူဦးရေတိုးပွားလာမှုများနှင့် စက်မှုနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မီးလောင်မှုများလာသည်ကို တွေ့ရကြောင်း၊ ထိုကြောင့် နှစ်စဉ်မီးလောင်မှုအကြိမ်ရေနှင့် မီးဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတန်ဖိုးများ လျော့ကျစေရေးအတွက် ပြည်သူလူထုအတွင်း မီးသတိပြုရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာများ စိမ့်ဝင်ပျံ့နှံ့နေအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ လှုံ့ဆော်ပညာပေးမှုအစီအစဉ်များ ထုတ်လွှင့်ပေးခြင်း၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့တွင် ထည့်သွင်းဖော်ပြခြင်း၊ ပညာပေးစာစောင်များ၊ လက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခြင်း၊ မြို့‌ပေါ်ရပ်ကွက်များသာမက ကျေးလက်ဒေသအထိ ကွင်းဆင်းပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးအတွက် မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည့်အချက်များ စသည်များကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် လုပ်ဆောင်ပေးရန်လိုကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

မီးသတ်တပ်ဖွဲ့အနေဖြင့် မီးလောင်မှုနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို မီးသတ်ဦးစီးဌာန၏ Website စာမျက်နှာမှတစ်ဆင့် Live ထုတ်လွှင့်ပြသခြင်း၊ Update သတင်းများ တင်ပြထုတ်လုပ်ခြင်းများသည်လည်း ထိရောက်သည့် အသိပညာပေး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ဖြစ်သည့်အတွက် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း ပြည်သူများအနေဖြင့်လည်း မီးဘေးအန္တရာယ်က ကင်းဝေးအောင် အသိ၊ သတိနှင့် မပေါ့မဆကြဘဲ ကြိုတင်ကာကွယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် SAC ဒုဥက္ကဋ္ဌက တိုက်တွန်းမှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *