၄.၅.၂၀၂၄
Written By Thandar

လှံမင်းသား ဦးစံတင်နဲ့ မင်းသမီးကြီး သင်းသင်းလဲ့တို့အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပေးအပ်တဲ့ ကျန်းမာရေး အထူးထောက်ပံ့ငွေတွေကို ယနေ့ မေ ၄ ရက်က အိမ်တိုင်ရာရောက် လိုက်လံပြီး ပို့ဆောင်ပေးအပ်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်တွေထဲကမှ နွမ်းပါးပြီး ကျန်းမာရေးကောင်းမွန်ခြင်းမရှိတဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်တွေဖြစ်တဲ့ သရုပ်ဆောင် ဦးစံတင် (လှံမင်းသား)၊ မင်းသမီးကြီး ဒေါ်သင်းသင်းလဲ့၊ ဇာတ်ပို့ သရုပ်ဆောင် ဦးကျော်မင်းနဲ့ ဒေါ်လဲ့၊ ဇာတ်ညွှန်း ဦးရွှေစင်၊ စက်မှူ ဦးကျော်ညွှန့် (ကင်မရာမန်း)၊ အကယ်ဒမီ ဦးကြည်(ကင်မရာမန်း)၊ အကယ်ဒမီများရှင် ဦးသန်းညွှန့် (ကင်မရာမန်း)၊ တည်းဖြတ် ဦးအုန်းမောင်တို့ကို ကျန်းမာရေး အထူးထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့နဲ့အတူ အလုပ်လုပ်ဖော်ကိုင်ဘက်တွေ ခုလို လာရောက်လှူဒါန်းပေးလို့လည်း ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျန်းမာရေး မကောင်းလို့ ရုပ်ရှင်အစည်းအရုံးကိုလည်း သက်ကြီးပူဇော်ပွဲ အချိန်လောက်ပဲ ရောက်ဖြစ်တာပါ။ ခုလို ဥက္ကဋ္ဌတွေ နာယကကြီးတွေက အလွှာအသီးသီးက ကိုယ့်လောကသားတွေကို ကျေးဇူးတင်ပါတယ်။ ခုလို မတွေ့ရတာ ကြာတဲ့ လုပ်ဖော်ကိုင်ဖက်တွေ တွေ့ရတော့ ဝမ်းသာပီတိဖြစ်ရပါတယ်” လို့ အသက် ၈၈ နှစ်အရွယ် ဇာတ်ညွှန်းဦးရွှေစင် MT Entertainment ကိုပြောပါတယ်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်မှုကိုတော့ သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ အောင်ခိုင်၊ ဝင်းမြိုင်၊ ကိုလူချောတို့အဖွဲ့နဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်တွေက လှံမင်းသားဦးစံတင်နဲ့ မင်းသမီးကြီး သင်းသင်းလဲ့တို့ကို မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးက ကျန်းမာရေး အထူးထောက်ပံ့ငွေအနေနဲ့ ကျပ် ၃ သိန်းနဲ့ မင်္ဂလာ ရုပ်ရှင်ရုံအုပ်စုက ဦးဇော်မင်းက ကျန်းမာရေးအထူးထောက်ပံ့ငွေ အနေနဲ့ ကျပ် ၁ သိန်း တို့ကို အိမ်တိုင်ရာရောက် ပေးအပ်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *