၄ .၅. ၂၀၂၄
Written by Hey Mar

ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ပဲခူးရိုးမဖြတ်လမ်းမှာ ဆိုင်ကယ် ကယ်ရီသမားကို လည်ပင်းလှီးဖြတ် ဆိုင်ကယ်လုယက်ခဲ့တဲ့ဖြစ်စဥ်က ပြစ်မှုကျူးလွန်သူကို ဒီနေ့ မေလ ၄ ရက်နေ့ မနက် ၄ နာရီခန့်မှာ အုတ်တွင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လုယက်မှု ဖြစ်စဥ်က အုတ်တွင်းမြို့နယ်၊ကြက်သွန် ခင်း(၂)ရပ်ကွက်မှ ဆိုင်ကယ် ကယ်ရီသမား ကိုအောင်ဇော်ဦးကို မျက်နှာစိမ်းလူငယ်တစ်ဦးက ဆိုင်ကယ်ငှားပြီး ပေါက်တောကျေးရွာအုပ်စုထဲက လက်ပံခုန်ကျေးရွာဘက်ကို ငှားရမ်းတယ်လို့ သိရပါတယ်။ အဲ့ဒီနောက် တိမ်ညွန့်ကျေးရွာအရှေ့ဘက်တောစပ်နားအရောက် အနောက်ကနေ လည်ပင်းသိုင်းဖက် ဓားဖြင့်လှီးဖြတ်ကာ ဆိုင်ကယ်လုပြီးထွက်ပြေးသွားတာလို့ သိရပါတယ်။

အမှုကို အုတ်တွင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းအောင်၊ မမစ မှူး ဒုရဲမှူးအောင်မြင့်တို့ဦးစီးကာ သတင်းအတည်ပြုခြင်း၊ စုံစမ်းထောက်လှမ်းခြင်း၊ နေရာအတည်ပြုခြင်းတွေဆောင်ရွက်ပြီး ဒီနေ့ မေလ ၄ ရက်နေ့ မနက် နံနက်(၄)နာရီအချိိန် တရားခံဖြစ်သူ ကိုမင်း (ခ) မင်းမင်း အသက်(၁၉)နှစ် (ဘ) ဦးထိုက် ဗွက်အင်းကျေးရွာနေသူကို ၎င်းပုန်းအောင်းရာ ခပေါင်းဆည်အနီး တောထဲရှိ တဲအတွင်းမှ လုယက်ယူဆောင်လာတဲ့ သက်သေခံ ဆိုင်ကယ်နဲ့အတူ အခင်းဖြစ်ပွားရာမှာ အသုံးပြုခဲ့တဲ့ အရိုး (၆)လက်မ၊ အသွား (၉)လက်မရှိ ဓားနဲ့အတူ ဖမ်းဆီးရမိတာလို့ သိရပါတယ်။

လက်ရှိမှာ ပြစ်မှုကျူးလွန်သူ ကိုမင်း (ခ)မင်းမင်း(၁၉)နှစ် (ဘ)ဦးထိုက် ဗွက်အင်းကျေးရွာနေထိုင်သူကို အုတ်တွင်းမြို့မရဲစခန်းက(ပ)နံပါတ် ၁၁၃/ ၂၄ ပြစ်မှုပုဒ်မ ၃၉၄ နဲ့ အမှုဖွင့်လှစ်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *