၄.၅.၂၀၂၄
Written by TZ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ အဝိုင်းကျေးရွာအုပ်စု၊ ရွှေလှေကျေးရွာဘေးရှိ ပဲခူးမြစ်ကို အရက်သောက်ပြီး တစ်ဖက်ကမ်းသို့ ကူးသည့်အမျိုးသားတစ်ဦး ရေနစ်၍ သေဆုံးသွားကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်တွင် ရွှေလှေကျေးရွာနေထိုင်သည့် အမျိုးသားမှာ မေလ ၃ ရက် နံနက် ၉ နာရီဝန်းကျင်တွင် နွားကျောင်းရန်နေအိမ်မှ ထွက်ခွာပြီးနောက် ၎င်း၏သူငယ်ချင်းများနှင့်အတူ အရက်အတူတူသောက်နေသဖြင့် နေ့လယ် ၁၂ နာရီအထိ အိမ်သို့ပြန်မလာ၍ ထိုအမျိုးသား၏ ဖခင်က သားဖြစ်သူအားလိုက်လံရှာဖွေခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖခင်ဖြစ်သူက လိုက်လံရှာဖွေရင်း ကော့ပြင်းဝိုင်းကျေးရွာရှိ ချောင်းဘေးတွင် သားဖြစ်သူ အရက်သောက်နေသည်ကို တွေ့သောကြောင့် ဖခင်က နွားများကို နေအိမ်သို့ဆွဲသွားကြောင်း သိရသည်။

ထိုနောက် ညနေ ၆ နာရီအချိန်ထိ နေအိမ်သို့ သားဖြစ်သူပြန်ရောက်လာခြင်းမရှိသောကြောင့် အရက်အတူတူသောက်သည့် သားဖြစ်သူ၏ သူငယ်ချင်းများကို လိုက်လံမေးကြည့်ရာတွင် ပဲခူးမြစ်အတွင်းသို့ ဖြတ်သွားကြောင်း သိရ၍ လိုက်လံရှာဖွေရာ အသက် ၂၅ နှစ်အရွယ် သားဖြစ်သူ “ကိုသန့်ဇင်အောင်” ကို ​ရွှေလှေကျေးရွာဘေးရှိ ပဲခူးမြစ်အတွင်းသေဆုံးနေသည့် ရုပ်အလောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

သင်္ကြန်အကြိုနေ့ကလည်း ပဲခူးမြစ်အတွင်းရှိ မော်လမြိုင်တံတားအောက်တွင် ပုပ်ပွပြီးမျောပါလာသည့် ရုပ်အလောင်းကို မာတလိလူမှုနှင့်နာရေးကူညီမှုအသင်းမှ ရုပ်အလောင်းကောက်ပြီး မီးသင်္ဂြိုဟ်လိုက်သည့် ဖြစ်စဥ်ရှိခဲ့သည်။

Photo – Credit

Leave a Reply

Your email address will not be published. Required fields are marked *