၃. ၅. ၂၀၂၄
Written by Thettant

တစ်ပါးနေစံကျောင်းတော်နဲ့ သီးသန့်စံမြန်းပြီး တရားအားထုတ်နေရင်း ၂၀၂၄ ခုနှစ် ဧပြီ ၃၀ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန် သက်တော် ၈၃ နှစ်၊ ဝါတော် ၄၅ ဝါမှာ ဘဝနတ်ထံစံမြန်းသွားခဲ့တဲ့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ရုပ်ကလာပ်တော်ကို မီးပူဇော်မှာမဟုတ်ဘဲ စံကျောင်းတော်နဲ့ ပကတိအတိုင်းပူဇော်ထားမှာဖြစ်သလို ဆရာတော်ဘုရားကြီးရဲ့ အန္တိမပူဇာပွဲတော်ကို ကဆုန်လဆန်း ၂ ရက်နဲ့ ၃ ရက်နေ့( မေလ ၉ ရက်၊ ၁၀) မှာ ကျင်းပမယ်လို့ ဆရာတော်ဘုရားကြီးရဲ့တပည့်သာဝကသံဃာတော်တွေက ဒီနေ့မှာ အသိပေးထားပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီး ဘဒ္ဒန္တဉေယျဓမ္မသာမိမဟာထေရ်ဟာ ကန့်ဘလူမြို့နယ်၊ ဘူးကုန်းရွာအရှေ့ ဉေယျဓမ်တောရ စံကျောင်းတော်အတွင်း တစ်ဘဝတစ်ခန္ဓာချုပ်ငြိမ်းတော်မူခဲ့တာဖြစ်ပြီး ရွှေနှစ်တောရမှာ ဆရာတော်ဘုရားကြီးကိုယ်တိုင် ရေးခဲ့တဲ့ သေတမ်းစာနဲ့ တာဝန်ရှိတပည့်သာဝကတွေရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဆရာတော်ဘုရားကြီးရဲ့ ကျန်ရစ်တဲ့
ဥတုဇရုပ်ကလာပ်တော်ကို မီးမပူဇော်ဘဲ ပကတိအတိုင်း အပူဇော်ခံထားရှိမှာဖြစ်ပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဘဝနတ်ထံစံလွန်တော်မူတာ ဒီနေ့ဆို လေးရက်မြောက်ရှိပြီဖြစ်ပေမဲ့ သာမန်လူတွေလို ရုပ်ခန္ဓာပျက်ယွင်းပုပ်သိုးပြောင်းလဲမှုမရှိသလို ဆေးထိုးဆေးဖျန်းတစ်ခုမှမလုပ်ထားဘဲ ရှင်သန်စဥ်ကအတိုင်း ပကတိအေးချမ်းနေတဲ့ ရုပ်သွင်တော်ကြောင့်လည်း ဆရာတော်ဘုရားကြီးရဲ့ ကြွင်းရစ်တဲ့ကိုယ်တော်ကို လူမှုကွန်ရက်မှာမျှဝေပြီး ဆရာတော်ဘုရားကြီးရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်အပေါ် နှစ်လိုချီးမွမ်းသူတွေလည်း များပြားနေပါတယ်။

ပုံစာ။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ရုပ်ကြွင်းတော်ကို ယနေ့မြင်တွေ့ရစဥ်(Photo – ဘုန်းမိုရ်၊ Ashin Ratthapala၊ Nat Ta Lu)

Leave a Reply

Your email address will not be published. Required fields are marked *