၂.၅. ၂၀၂၄
Written by Phyo Wei

AA နဲ့ NUG သစ္စာခံ ချင်းလက်နက်ကိုင်တွေက AA အကူအညီနဲ့ ချင်းပြည်နယ်က ကျင်ဒွေးမြို့ကို သိမ်းလိုက်ချိန်မှာပဲ ချင်းပြည်နယ် ချင်းတွေပဲ အုပ်ချုပ်ချင်တဲ့ ချင်းလက်နက်ကိုင်တွေကြား တင်းမာမှုတွေ ဆက်ဖြစ်နေတဲ့ဖြစ်စဉ် မြင်ခဲ့ရသလို မြ၀တီမြို့ကို သိမ်းပိုက်တယ်ဆိုတဲ့ KNU နဲ့ PDF တွေကို တိုက်ထုတ်အပြီးမှာပဲ SAC ဒုဥက္ကဋ္ဌ လူမြင်ကွင်းမှာ ပြန်လည်ထွက်ပေါ်လာခဲ့တဲ့ဖြစ်စဉ်နဲ့ အသုံးချခံ PDF တွေ အလင်းဝင်လိုသူတွေ ရှိတယ်ဆိုတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

အခြားတစ်ဖက်မှာလည်း ကရင်လက်နက်ကိုင်တွေ ကော့ကရိတ်မြို့ကနေ အကျအဆုံးများစွာနဲ့ ထွက်ပြေးကြလို့ ဌာနေပြည်သူတွေ နေရပ်ဆီပြန်လာတဲ့ဖြစ်စဉ်တွေ၊ AA ရဲ့ မြို့သိမ်းတိုက်ပွဲတွေကြောင့် ရခိုင်ပြည်သူတွေ စစ်ရှောင်ရင်း အငတ်ဘေးဆိုက်နေတာနဲ့ ကုန်စျေးနှုန်းအဆမတန်ကြီးမြင့်လာလို့ စားဝတ်နေရေးကျပ်တည်းမှု ကြုံနေတဲ့ဖြစ်စဉ်တွေ၊ နိုင်ငံ့အပြောင်းအလဲနဲ့ ရွေးကောက်ပွဲအတွက် အရေးပါတဲ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ပြည်ပအကူအညီမရဘဲ ပြည်တွင်းအားနဲ့ ကောက်ခံနေရလို့ အားလုံးဝိုင်းဝန်းဖို့လိုအပ်တဲ့ ဖြစ်စဉ်တွေ၊ ကျားဖြန့်ဂိုဏ်းတွေကို လူကုန်ကူးပြီး ပြန်ပေးဆွဲ၊ လူသတ်၊ မူးယစ်ဆေးမှုများစွာ ကျုးလွန်ထားတဲ့ တပ်ဖွဲ့ဝင်သုံးဦးကို MNDAA က သေဒဏ်ပေးလိုက်မှု ဥရောပသမဂ္ဂက ရှုတ်ချတယ်ပြောတာတွေအပြင် မြန်မာနိုင်ငံနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုနက်ရှိုင်းလာစေဖို့ ပိုမိုပူးပေါင်းဆောင်ရွက်သွားမယ်လို့ တရုတ်ပြည်သူရေးရာလုံခြုံရေးဝန်ကြီး ပြောတဲ့ဖြစ်စဉ်တွေရှိပေမဲ့ PDF တွေ ဆက်ကြေးကောက်မှုကို NUG ကွင်းဆင်းစစ်မယ်ဆိုတဲ့အကြောင်း၊ AA ကို ခံတိုက်တဲ့ ဘင်္ဂါလီတွေအကြောင်းနဲ့ KIA စစ်ဦးစီးချုပ်က မြောက်ပိုင်းညီနောင်သုံးဖွဲ့ကို ခွေးနဲ့ နှိုင်းတဲ့ ဖြစ်စဉ်တွေကိုပဲ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်မှာ ဖော်ပြချင်ပါတယ်။

◾ PDF ဆက်ကြေးကောက်မှု ကွင်းဆင်းစစ်မဲ့ NUG၊

PDF တွေ၊ ပကဖတွေ၊ ပလဖတွေ၊ ပအဖတွေက အခွန်ကောက်ခံတယ်ဆိုပြီး ငွေညှစ် အဆမတန်ကောက်ခံနေ တာကြောင့် ဆက်ကြေးကောက်တယ်ဆိုပြီး NUG ကို တိုင်ကြားနေရတဲ့ ဖြစ်စဉ်တွေ PDF တွေက သစ်ခိုးထုတ်တယ်ဆိုတဲ့ တိုင်ကြားမှုများစွာရှိနေပေမဲ့ တကယ့်လက်တွေ့မှာ အခွန်ဆိုတာထက် ဒဏ်ကြေးသဘောဖြစ်နေသလို ဒီငွေတွေကိုလည်း မြေပြင်အဖွဲ့အစည်းတွေက သုံးစွဲနေတာဖြစ်တဲ့အကြောင်းနဲ့ တိုင်ကြားခံရတဲ့ ဒီအခွန်ကောက်ခံမှုတွေကို မြေပြင်ကွင်းဆင်းစစ်ဆေးမယ်လို့ NUG ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်က ပြောပါတယ်။

“အခွန်နဲ့ ပတ်သက်ရင် ကောက်ခံနေတာက အားလုံး ၄၂ မြို့နယ်ရှိပါတယ်။ အဲဒီတော့ အခွန်မူဝါဒအနေနဲ့ ပြောမယ်ဆိုရင် ပြည်သူအပေါ်မှာ တိုက်ရိုက်ဝန်ထုပ်ဝန်ပိုးမဖြစ်စေတဲ့ အခွန်ကောက်ခံမှုတွေကို ဟို ကျွန်တော်တို့ မကောက်ဘူး။ အဓိကတော့ အဲဒီ လောင်စာဆီသယ်တာနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ တခြားသော ဒီဒီဒီ ကျောက်မီးသွေးတို့ သယ်တဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ ဒဏ်ကြေးတွေပေါ့။ အဓိကတော့ ကျွန်တော်တို့ရရှိနေတာတွေက အခွန်ဆိုတာထက်စာရင် ဒဏ်ကြေးတွေများပါတယ်။ လက်ရှိ ကျွန်တော်တို့ အခု စီမံဘဏ္ဍာရဲ့ အစီရင်ခံစာမှာပါတဲ့ ကောက်ခံရရှိနေတဲ့ အခွန်တွေရဲ့ ၈၀ လောက်က ဒဏ်ကြေးအပေါ်မှာ ကောက်ခံရရှိနေတာဖြစ်ပါတယ်။ အဲဒီတော့ ပြန်လည်သုံးစွဲမှုနဲ့ ပတ်သက်လို့ရှိရင် ကျွန်တော်တို့က အခုအချိန်မှာက ဒီမြို့နယ်တွေအပေါ်မှာ ပြန်လည်သုံးစွဲခွင့်ပေးထားတာများပါတယ်။ အဲဒီတော့ မြို့နယ်မှာရှိတဲ့ ပကဖက ၃၀ ရာခိုင်နှုန်း၊ ပအဖက ၃၀ ရာခိုင်နှုန်း၊ ပြီးတော့ လူသားစာနာတို့ ကျန်းမာရေး၊ ပညာရေးတို့ဘက်လည်း ၁၀ ရာခိုင်နှုန်းစီကို ပြန်လည်သုံးစွဲပါတယ်။ ဒါကြောင့် အခွန်ပြန်လည်သုံးစွဲမှုကို ပြောရမယ်ဆိုလို့ရှိရင် မြို့နယ်တွေကို သုံးစွဲခွင့်ပေးထားတာက ၈၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကိုမှ ဗဟိုကပဲ စီမံခန့်ခွဲပါတယ်။ ဒါတောင်မှပဲ အဲဒီ ၂၀ ရာခိုင်နှုန်းထဲက သက်ဆိုင်ရာမြို့နယ်က သူတို့မှာ အရေးပေါ်သုံးစရာလိုအပ်နေသေးတယ်။ လူသားစာနာအတွက် ဘယ်လောက်ထပ်လိုပါတယ်ပြောရင် အဲဒီ ၂၀ ရာခိုင်နှုန်းကို မြို့နယ်တွေကိုပဲ ပြန်ပြီး ပေးသုံးဖြစ်ပါတယ်။ ဒါကြောင့်မို့ အခွန်သုံးစွဲမှုဟာ ဗဟိုက မူအရ ချပေးတာသာဖြစ်ပြီးတော့ လက်တွေ့သုံးစွဲအကောင်အထည်ဖော်တာကတော့ မြို့နယ်တွေကသာ သုံးစွဲနေတာဖြစ်တယ်။ နောက်တစ်ခုကတော့ အခွန်နဲ့ ပတ်သက်ပြီး ဂိတ်တွေဖွင့်တာက Registration လုပ်ပြီးမှ ဂိတ်တွေ ဖွင့်တာဖြစ်ပါတယ်။ Registration မလုပ်ဘဲ ဂိတ်တွေဖွင့်တာမျိုး လက်မခံဘူး။ ဒါပေမဲ့ ကျွန်တော်တို့လည်း ကြားပါတယ်။ တချို့နေရာတွေကြတော့ ကျွန်တော်တို့ထိန်းချုပ်မှုအောက်မရှိတဲ့ တချို့သောအဖွဲ့တွေကလည်း ဂိတ်ဖွင့်ပြီးကောက်နေကြတာရှိတယ်။ ကျွန်တော်တို့အောက်မှာရှိတဲ့ ဂိတ်တွေကလည်း လုံခြုံရေးအရ ရွှေ့ပြောင်းကောက်ခံနေရတာရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ကိုလည်း သေချာပြင်ဆင်ပြီးတော့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ဖို့အတွက် လုပ်နေပါတယ်။ နောက်တစ်လလောက်ဆို NUG ရဲ့ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တစ်ခုပီပီပြင်ပြင် ပေါ်လာမှာဖြစ်ပါတယ်။ အဲဒါတွေကို ထိန်းကျောင်းနိုင်ဖို့ဆိုရင် မြေပြင်ကွင်းဆင်းစစ်ဆေးရေးက အရေးကြီးတဲ့အတွက်ကြောင့် ဒါကို ကျွန်တော်တို့ ဆက်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ NUG မှာ ပြည်ထဲရေးဝန်ကြီးတာဝန်ယူထားသူ ဦးလွင်ကိုလတ်က ဆိုပါတယ်။

NUG လက်အောက်ခံ PDF တွေအနေနဲ့ မြေပြင်မှာ အခွန် ကောက်ခံမှုဟာ အဖွဲ့တိုင်းလိုလိုက ကောက်နေတာဖြစ်ပြီး ပိုဆိုးတာက ဆက်ကြေးကောက်၊ ငွေညှစ်၊ အကျပ်ကိုင်၊ ခြိမ်းခြောက်ကောက်နေတာပါ။ ကုန်ကားတစ်စီးကို အနည်းဆုံး ၃ သိန်းလောက်ကနေ အမြင့်ဆုံး သိန်းဆယ်ချီ ကောက်ပြီး စာရင်းမှာလည်း ဖော်ပြချင်သလောက် ဖော်ပြနေပြီး သေနတ်အားကိုးနဲ့ စည်းကမ်းမဲ့ ဗရမ်းဗတာလုပ်နေတာကြောင့် မဖြစ်မနေကုန်သွယ်မှုကလွဲရင် လိုအပ်သလောက်မသွင်းတာကြောင့် PDF ထိန်းချုပ်နယ်မြေတွေက စျေးတွေဟာ PDF မထိန်းချုပ်နိုင်တဲ့ နယ်မြေထက် ၃ ဆကနေ ၅ ဆလောက်ပိုကြီးပြီး ပြည်သူတွေ အငတ်ဘေးကြုံနေရတာကလည်း အဲဒီ ဆက်ကြေးအဆမတန်တောင်းတဲ့ ပြဿနာကြောင့်ပါပဲ။ ကုန်သည်ကတော့ ရှင်းပါတယ်။ ဆန်အိတ် ၁၀၀ တင်လာလို့ PDF တွေက သိန်း ၅၀ အခွန်ကောက်လိုက်ရင် ဒီဆန်အိတ် ၁၀၀ ကို ပြည်သူ့ရောင်းတဲ့အခါ NUG ကို ပေးလိုက်ရတဲ့ ဒီဆက်ကြေးကို ပြည်သူ့ဘက်အမြတ်တင်ရောင်းလိုက်တာပါပဲ။ ဒါကြောင့်လည်း PDF က မြို့သိမ်းပြီဆိုတာနဲ့ PDF တွေဘက် ခိုကပ်မနေဘဲ PDF ထိန်းချုပ်မှုနဲ့ လွတ်တဲ့နေရာဆီ အများစုက ပြေးကြတာတွေကလည်း သက်သေပြနေတာပါပဲ။

◾ AA ကို ခံတိုက်တဲ့ ဘင်္ဂါလီ

AA က မြိုသိမ်းတိုက်ပွဲဆင်နွှဲနေတာကြောင့် ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ သံတွဲမြို့တွေမှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ရှိနေဆဲဖြစ်ပြီး အထူးသဖြင့် ဘူးသီးတောင်၊ စကခ (၁၅) ကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ဖို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြိုနယ်အတွင်း တိုက်ပွဲပိုမိုပြင်းထန်နေတာပါ။ ဒီလိုတိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ AA အနေနဲ့ ရခိုင်ပြည်နယ်က ဘင်္ဂါလီမွတ်ဆလင်တွေကို လူကုန်ကူးနေတာ၊ ဖမ်းဆီးသတ်ဖြတ်တာ၊ ပေါ်တာဆွဲပြီး စစ်မှုထမ်းစုဆောင်းတာ၊ ဘင်္ဂါလီရွာတွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ရခိုင်ပြည်နယ်က ဘင်္ဂါလီမွတ်ဆလင်တွေရဲ့ AA အလိုမရှိ ဆန္ဒပြမှုခံနေရတဲ့အပြင် လက်နက်ကိုင်တိုက်ခိုက်မှုတွေလည်း ကြုံနေရတာပါ။ AA ရဲ့ထုတ်ပြန်ချက်အရ ARSA လို ဘင်္ဂါလီမွတ်ဆလင်တွေက တစ်ဖွဲ့ချင်းတိုက်ခိုက်မှုအပြင် လုံခြုံရေးတပ်ဖွဲနဲ့ ပူးပေါင်းတိုက်ခိုက်တာ၊ စစ်သင်တန်းဆင်းလာပြီး တိုက်ခိုက်တာတွေ လုပ်လာနေလို့ AA က ဘူးသီးတောင်နဲ့ မောင်တောကို ဧပြီလ၂၆ ရက်နေ့ကစလို ည ၇ နာရီကနေ မနက် ၆ နာရီအချိန်အတွင်း ညမထွက်ရအမိန့် ထုတ်ပြန်တာမျိုး ကပေါက်တိကပေါက်ချာ ဘယ်သူ့ကြောက်ရမယ်မသိဖြစ်နေတာပါ။

AA ဟာ ရမ်းဗြဲအပါအဝင် ရခိုင်ကမြို့ ၈ မြို့ကို သိမ်းပိုက်ထားတယ် ကြေညာထားပြီး AA သိမ်းထားချိန် မင်းပြားမြို့မစျေး မီးလောင်ပြာကျခဲ့သလို ရခိုင်ပြည်သူတွေမရှိဘဲ AA လက်နက်ကိုင်တွေပဲရှိနေတဲ့ AA သိမ်းပိုက်ထားတဲ့မြို့တွေမှာ ခိုးဝှက်မှုတွေဖြစ်ပွားနေပြီး နေအိမ်က တံခါးတွေ၊ ကုတင်တွေ၊ ပန်းကန်တွေပါမကျန် အခိုးခံနေရတယ်လိုလည်း ရမ်းဗြဲဒေသခံတွေက လူမှုကွန်ရက်မှာ ဝေဖန်နေတာပါ။ အထူးသဖြင့်တော့ စစ်ဖြစ်လာချိန်မှာ AA ကို ဆက်ကြေးပေးရတာတွေကြောင့် သာမန် ၇၀၀၀၀ တန်လောက်ဆန်တစ်အိတ်က AA ထိန်းချုပ်ရာ စစ်ပြုရာနေရာတွေမှာ ၁၅၀၀၀၀ လောက်ဖြစ်လာနေတာပါ။ ငါးပိငါးခြောက်ကလွဲရင် ဟုတ္တိပတ္တိ ထွက်ကုန်မရှိတဲ့ ရခိုင်ပြည်နယ်အဖို့တော့ စစ်ဘုရင်ဝါဒနဲ့ AA ထင်တိုင်းကြဲတဲ့ဒဏ်ကို လည်စင်းခံရမဲ့ အခြေအနေဖြစ်သလို အခုလို မိုးတွင်းရာသီမရောက်ခင်ကို ဝမ်းပျက်ဝမ်းလျှောနဲ့ အငတ်ဘေးနဲ့စစ်ဘေးသင့်ကပ်ဆိုက်ကုန်ကြပြီဖြစ်ပါတယ်။ ပိုပြီးဆိုးတာက ဘင်္ဂါလီတွေပါ။ ရိုနေဆန်းလွင်တို့လို ဘင်္ဂါလီအရေးလှုပ်ရှားသူတွေကိုယ်တိုင်က AA ဟာ သရက်အုပ်ရွာက ဘင်္ဂါလီငါးယောက်ကို သတ်တယ်ပြောထားတာ၊ ကမ္ဘာ့ဇာတ်ခုံစင်မြင့်မှာ ထွန်းမြတ်နိုင်လို AA ခေါင်းဆောင်ကလည်း ဘင်္ဂါလီတွေကို လူ့အဆင့်အတန်းခွဲခြားတာကြောင့် မကျေမနပ်လည်း ဖြစ်လာလို့ ဘင်္ဂါလီတွေ လက်နက်ကိုင်ပြန်တိုက်ဖို့ တွန်းအားဖြစ် မြှောက်ပေးလာချိန်မှာ ရခိုင်ပြည်နယ်က အင်အားအများဆုံး ရခိုင်နဲ့ ဘင်္ဂါလီအစုအဖွဲ့ကြီးနှစ်ခုကြား အကျယ့်အကျယ်မငြိမ်းဖွယ်တွေ ဖြစ်တော့မှာမို့လို့ ထွန်းမြတ်နိုင်အားကိုးနဲ့ ကွန်ဖက်ဒရိတ်မျှော်နေကြတဲ့ ရခိုင်ပြည်သူတွေအဖို့တော့ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းဒဏ် ရင်စည်းခံရတော့မှာပါ။

◾ KIA စစ်ဦးစီးချုပ်က ခွေးနဲ့ အနှိုင်းခံရတဲ့ မြောက်ပိုင်းသုံးဖွဲ့

လိုင်ဇာအဝင်ဆိုင်းဘုတ်ကို ဧပြီ ၂၆ ရက်က ပြန်လည်ဖွင့်လှစ်အပြီးမှာ KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က နယ်မြေလုတိုက်ခိုက်သိမ်းပိုက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းတောင် လက်နက်နဲ့အဝင်မခံ၊ ခြေအချမခံဘဲ KIA တပ်ဖွဲဝင်တွေနှင်ထုတ်၊ ရုံးတွေပိတ်ခိုင်းပြီး သတိပေးစာပို့နေတဲ့ MNDAA ၊ AA နဲ့ TNLA တို့ကို လူစကားနားမလည်တဲ့ ခွေးသုံးကောင်အဖြစ် ရည်ညွှန်းရေးသားလိုက်ပါတယ်။

“ဒီလပိုင်းတွေထဲမှာ MNDAA တို့ TNLA တို့က ရှမ်းက မြို့တွေသိမ်းလိုက်အပြီးမှာ လက်နက်ကိုင်ထားရင် ဘယ် တိုင်းရင်းသားလက်နက်ကိုင်မှ ပေးမဝင်တာ၊ တိုက်ပေးခဲ့တဲ့ PDF တွေကိုတောင် သူတို့နယ် လက်နက်နဲ့အဝင်မခံအဖြတ်မခံတာ၊ အခုရက်ပိုင်းတင် KIA မုံးကိုးရုံးကို MNDAA ပိတ်တာ၊ ကချင်ရိုးရာ မနောင်ခန်းမအဆောက်မခံတာ၊ ကချင်စစ်ရှောင်တွေကို နှင်ထုတ်တာ၊ ရှမ်းမြောက်မှာ ကွတ်ခိုင်နဲ့ မူဆယ်က KIA တပ်တွေထွက်ဖို့ TNLA က ဖိအားပေးပြီး ရုံးဖွင့်ချင်ရင် သူ့ဆီခွင့်တောင်းဖို့ပြောတာတွေကို မကျေနပ်လို့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ကို ကချင်စကား၊ လူ့စကား နားမလည်တဲ့ ခွေးသုံးကောင်အဖြစ်နှိုင်းလိုက်တာပေါ့။ ရှမ်းမြောက်က ကချင်၊ ရှမ်း၊ ပလောင်(တအောန်း)၊ ကိုးကန့် အကုန်ရောနေသလို လက်နက်ကိုင်တွေလည်း ရောနေတယ်။ နဂိုကတည်းကလည်း ရှမ်းကလည်းသူ့ပြည်နယ်၊ ကချင်ကလည်း Kachin Sub-state၊ TNLA နဲ့ MNDAA ကလည်း သူတိုတိုက်ယူထားလို့ သူတို့အပိုင်ပေါ့။ လက်ရှိမှာတော့ သူတို့ကြား အချင်းချင်းချလို့မဖြစ်သေးဘဲ တပ်ကိုပဲတိုက်နေရလို့ တိုင်းရင်းသားအချင်းချင်းမချသေးပေမဲ့ တစ်ချိန်တော့ ပေါက်ကွဲလာမဲ့ချိန်ကိုက်ဗုံးလို နယ်မြေလုမှု ဖြစ်နေတာပေါ့။ ဂွမ်မော်ကလည်း ကချင်စစ်ရှောင်တွေနှင်ထုတ်ခံရတာ၊ KIA ရုံးတွေချိပ်ပိတ်ခံရတာကြောင့် မကျေနပ်ဘူးဆိုတာသိဖို့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ကို ကချင်စကား၊ လူ့စကားနားမလည်တဲ့ ခွေးသုံးကောင်အဖြစ် ခိုင်းနှိင်းလိုက်တာပေါ့” ” နိုင်ငံရေးသုတေသီတစ်ဦးက KIA စစ်ဦးစီးချုပ်ရဲ့ ရည်ညွှန်းချက်ကို စိပ်ဖြာသုံးသပ်ပါတယ်။

တကယ်တော့ ရှမ်းပြည်နယ်ဟာ အင်အားကောင်းတဲ့ လက်နက်ကိုင်အများအပြားရှိနေသလို လက်နက်ကိုင်တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကလည်း တစ်ဖွဲ့နဲ့ တစ်ဖွဲ့မထိပါးဘဲ ပြည်နယ်ပဲ့မထွက်ရေးမူနဲ့ သွားနေတာပါ။ ဥပမာအားဖြင့် ရှမ်းပြည်နယ်မှာ အင်အားအကောင်းဆုံး “၀” ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကနေ ပြည်နယ်အဆင့်လိုချင်တယ်ဆိုရင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်မှာမဆုံးဖြတ်ခင် ရှမ်းလက်နက်ကိုင်တွေ၊ ရှမ်းပြည်သူတွေနဲ့ အရင် ရင်ဆိုင်ရမှာပါ။ ဒီအဆင့်မကျော်ဖြတ်နိုင်ရင် “ဝ”က ရှမ်းလက်အောက်ခံဒေသပါ။ ဒီသဘောပါပဲ။ ကချင်နဲ့ ရှမ်းလူမျိုးတွေ အနေများတဲ့ ရှမ်းပြည်နယ်မှာ TNLA တို့ MNDAA တို့က မြို့တွေသိမ်းနိုင်ချိန်မှာ လူတွေကို ထင်တိုင်းသတ်၊ နယ်မြေကို စစ်ဘုရင်ဝါဒနဲ့ အပိုင်ယူ၊ ကချင်တွေ မောင်းထုတ် လုပ်လာနေတာက ရှမ်းပြည်နယ်ကို Kachin Sub-state အဖြစ် သတ်မှတ်ထားတဲ့၊ တပ်စွဲထားရာက နှင်ထုတ်ခံနေရတဲ့ KIA အဖို့တော့ အရှက်ရစရာဖြစ်နေသလို ပိုဆိုးတာက TNLA ဟာ KIA မွေးထုတ်ခဲ့တာဖြစ်ပြီး အခုအချိန်မှာ ကိုယ်မွေးတဲ့မျောက်က ကိုယ့်ပြန်ခြောက်နေတဲ့ဖြစ်စဉ်ဖြစ်နေလို့ပါ။ သေချာတာကတော့ မြို့တွေသိမ်းပြီး စစ်ဘုရင်လို ထီးနန်းစိုးစံချင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြီးစိုးရာ ရှမ်းပြည်နယ်ဟာ ခွဲထွက်ချင်တဲ့လက်နက်ကိုင်နဲ့ ခွဲအထုတ်မခံတဲ့ လက်နက်ကိုင်တွေ တိုက်ခိုက်မှုမြင်ရဦးမှာဖြစ်သလို ရှမ်း ၃၃ မျိုးက လက်နက်ကိုင် ၃၃ ဖွဲ့ဖွဲ့ပြီး အချင်းချင်းချ တစ်မျိုးနွယ်စု တစ်ပြည်နယ်လည်း ပေးလို့မဖြစ်နိုင်တဲ့ အခြေအနေမို့လို့ စစ်ဘုရင်လူစွာလုပ်နေတဲ့ နောက်မှပေါက်တဲ့ ရွှေကြာပင်တွေနဲ့ မူလလက်ဟောင်း ရှမ်းလက်နက်ကိုင်တွေ စစ်ရေးတင်းမာမှုကနေ နယ်မြေလုမှုအဖြစ် တိုက်ခိုက်မှုတွေလည်း မြင်ရနိုင်တာမို့ အကြမ်းဖက် တိုက်ခိုက်မှုကို ကြိုလင့်နေတဲ့သူတွေကတော့ စစ်မြေပြင်မှာ ဘ၀ပျက်မှုတွေ ထပ်ရင်ဆိုင်ရနိုင်မှာကို ကြိုပြင်ပါလို့ပဲ သတိပေးရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *