၂. ၅. ၂၀၂၄
Written by Nyein Kyaw

ပြည်ပထွက်ခွာခွင့်ကိစ္စရပ်များ ပိုမိုအချိန်ယူစိစစ်နိုင်ရန်အတွက် အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့်အား ယာယီဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့တွင် ပြန်လည်ဖြေကြားထားသည်။

အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့်ကို မေလ ၁ ရက်မှစတင်ပြီး တားမြစ်ပိတ်ပင်လိုက်သည်ဟု သတင်းများထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး Myanmar Transparency News သတင်းဌာနမှ မေးမြန်းမှုအပေါ် SAC သတင်းထုတ်ပြန်ရေးအဖွဲ့က “ထွက်ခွာခွင့်ကိစ္စရပ်များ ပိုမိုအချိန်ယူစိစစ်နိုင်ရန်နှင့် အခြားအခြေအနေများအရ ယာယီအားဖြင့် ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း ဖြေကြားအပ်ပါသည်” ဟု ပြန်လည်ဖြေကြားထားသည်။

သတင်းများ ထွက်ပေါ်နေမှုအရ အမျိုးသားများ မည်သည့်နိုင်ငံကိုမဆို မေလ ၁ ရက်မှစပြီး အလုပ်ခေါ်စာ တင်သူကို ခွင့်ပြုချက် မပေးတော့ဘဲ ခွင့်ပြုချက်ကျပြီးသူများ ပြည်ပအလုပ်လုပ်ခွင့် ယာယီဆိုင်းငံ့ခြင်းစာရင်းတွင် မပါဝင်ကြောင်းနှင့် ယာယီဆိုင်းငံ့ထားမှုအား မည်သည့်အချိန်တွင် ပြန်လည်ဖွင့်လှစ်ပေးမည်ဆိုသည်ကိုမူ ထည့်သွင်း ဖြေကြားခဲ့ခြင်းမရှိပေ။

အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့်ကို မေလ ၁ ရက်မှစတင်ပြီး တားမြစ်ပိတ်ပင်လိုက်သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် တပ်မတော်မှအလုံးအရင်းဖြင့် လူသစ်ခေါ်ယူရန် ပြင်ဆင်နေသည့် စစ်မှုထမ်းဥပဒေကြောင့် ယခုကဲ့သို့ ကန့်သတ်ခြင်းဖြစ်ကြောင်း ပြည်ပရောက် Exile မီဒီယာတချို့က ရေးသားဖော်ပြခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *