၂. ၅. ၂၀၂၄
Written by Hey Mar

မနေ့က မေလ ၁ ရက်နေ့မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးသက်လေပြင်းကျရောက်ခဲ့တာကြောင့် မိုးသက်လေပြင်းဒဏ်ခံရတဲ့ မြို့တွေထဲကတစ်မြို့ဖြစ်တဲ့ မုံရွာမြို့နယ်မှာ နေအိမ်ပေါ် သစ်ပင်လဲကျရာက ထုပ်တန်းပြုတ်ကျပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တဲ့ ဆယ်ကျော်သက်လူငယ်တစ်ဦး ဆေးရုံတင်ပို့ကုသနေစဥ် ရရှိတဲ့ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ ဒေသခံ ပရဟိတအသင်းထံကနေ သိရပါတယ်။

မိုးသက်လေပြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်တချို့မှာ နေအိမ် အဆောက်အဦနဲ့ သစ်ပင်တချို့ လဲကျပျက်စီးတာ လူနေအိမ်တွေအပေါ် သစ်ပင်လဲကျ လူထိခိုက်တာ၊ လျှပ်စစ်မီး ပြတ်တောက်တာတွေ ဖြစ်ပွားခဲ့တာပါ။

အဆိုပါ ဆယ်ကျော်သက်လူငယ်က မုံရွာမြို့ ထန်းတောမြဇီးခြံရပ်မှာ နေထိုင်ပြီး မနေ့က ညနေ ၄ နာရီ ၂၀ မိနစ်ခန့်မှာ လေပြင်းကျချိန် အိမ်တောင်ဘက်ရှိ သစ်ပင်က သစ်ကိုင်း အိမ်ပေါ်ကို လဲကျရာ အိမ်ထဲမှာ ထိုင်နေတဲ့ ကလေးပေါ်ကို အိမ်ထုပ်တန်းပြုတ်ကျခဲ့တာကြောင့် မုံရွာလူမှုကယ်ဆယ်ရေးမှ အရေးပေါ်လူနာတင်ယာဉ်တစ်စီးနဲ့ ထွက်ခွာကူညီခဲ့တာလို့ သိရပါတယ်။

ဒဏ်ရာရရှိတဲ့ လူနာကို မုံရွာဆေးရုံကြီး ပြင်ပလူနာဌာနမှာ တင်ပို့ကုသနေစဥ် ရရှိထားတဲ့ ဦးခေါင်း၊ ကျောရိုး ထိခိုက်ဒဏ်ရာတွေနဲ့ ည ၇ နာရီအချိန်မှာ သေဆုံးခဲ့ပြီး ဒီနေ့နေ့လယ်မှာ သင်္ဂြိုဟ်ပြီးစီးခဲ့တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *