၂.၅.၂၀၂၄
Written by TZ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရုံးကြီးရပ်ကွက်၊ ကျုံးရိုး(We Love Bago) ရင်ခွဲရုံအရှေ့ မြက်ခင်းပြင်တွင် မေလ ၁ ရက် နေ့လယ်နေပြင်းချိန်က စိတ်မနှံ့သည့် အမျိုးသားတစ်ဦး လဲကျ သေဆုံးခဲ့ကြောင်း သိရသည်။

ထိုစိတ်မနှံ့သည့် အမျိုးသားမှာ အိမ်ခြေမဲ့ဖြစ်ပြီး လိုက်လံတောင်းရမ်း၍ ရရှိသည့် ငွေများကို အရက်သောက်သူဖြစ်ကာ မေလ ၁ ရက် နေ့လယ် ၁ နာရီအချိန်တွင် ရင်ခွဲရုံရှေ့မြက်ခင်းတွင် လဲနေသည်ကိုတွေ့ရှိကြောင်း၊ ၎င်းကိုတာဝန်ရှိရဲများမှ ည ၇ နာရီဝန်းကျင်တွင် တွေ့ရှိသောကြောင့် စစ်ဆေးရာတွင် သေဆုံးနေကြောင်း သိရသည်။

“အရင်က သူ့ကို ဘုန်းကြီးကျောင်းမှာထားတာ။ ဘုန်းကြီး ကျောင်းမှာမနေဘဲ ထွက်ထွက်ပြေးတာ။ လမ်းမှာလဲနေရင် ပြည်သူတွေက လူတယောက်လဲနေလို့ ဖုန်းဆက်ရင် လူနာတင်ကားနဲ့ သွားလိုက်ရင် သူဖြစ်နေတာ။ ဆေးရုံပို့ရင်လည်း ဟိုရောက်ရင် အကောင်းဖြစ်သွားရော။ အဲ့ဒါနဲ့ ပြည်သူတွေလည်း အခုသူလဲနေတာကို အရင်က အရက်သောက်ပြီး လဲနေတာထင်လို့။ သူက တောင်းစားတယ်။ အရက်လည်းသောက်တယ်။ ညရောက်မှ ရဲတွေကဖုန်းဆက်လို့သွားတာ”ဟု ညီညွတ်ခြင်းစုပေါင်းအခမဲ့ နာမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

အဆိုပါရုပ်အလောင်းကို ပဲခူးပြည်သူ့ဆေးရုံရှိရင်ခွဲရုံသို့ ထိုအသင်းမှ ပို့ဆောင်လိုက်ကြောင်း၊ ယနေ့တွင် ရုပ်အလောင်းကို စစ်ဆေးမှုများပြုလုပ်ပြီး သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ -ညီညွတ်ခြင်းစုပေါင်းအခမဲ့ နာမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *