၂.၅.၂၀၂၄
Translated by Htwe Ko Tun

ရုရှားသမ္မတ ပူတင်၏ အရင်းနှီးဆုံးရောင်းရင်းတစ်ဦးလည်းဖြစ်ကာ ပူတင်ကိုထောက်ခံသူဖြစ်သည့် အသက် ၇၁ နှစ်ရှိ ထင်ရှားသည့် ရုရှားနိုင်ငံရေးသမား တိုင်ကွန်း ဆာဂျီ မီရိုနော့ဗ်နှင့် ဇနီးတို့မှာ ဆယ်လအရွယ် မိန်းကလေးတစ်ဦးနှင့် နှစ်နှစ်သားယောင်္ကျားလေးတစ်ဦးတို့အား ယူကရိန်းနိုင်ငံမှခေါ်ယူလာခဲ့ကြခြင်းကြောင့် စစ်ရာဇဝတ်မှုဖြင့်စွပ်စွဲခံနေရကြောင်း သိရသည်။

ဆာဂျီ မီရိုနော့ဗ် က Fair Russia ပါတီ၏ခေါင်းဆောင်လည်းဖြစ်ကာ ၎င်းက ပဉ္စမဇနီးဖြစ်သည့် အသက် ၅၆ နှစ်ရှိ အီရီနာ ဗာလာမိုဗာနှင့်အတူ ယူကရိန်းမိန်းကလေးငယ်အားမိဘမဲ့ကျောင်းတစ်ကျေင်းမှခေါ်ဆောင်လာပြီး မာရီနာ မရီယိုနိုဗာဟု အမည်ပေးခဲ့သည်။ မိန်းကလေး၏မွေးစာရင်းကိုလည်း ပြောင်းလဲကာ မော်စကိုမြို့အနီးတွင် မွေးဖွားခဲ့သည်ဟု စာရင်းသွင်းခဲ့သည်။

စုံစမ်းချက်များအရ မိန်းကလေး၏အမည်ရင်းမှာ မာဂါရီတာ ပရိုကိုပန်ကိုဟု ခေါ်ကြောင်းသိရပြီး ၎င်းတွင် ယူကရိန်းမှထွက်ခွာကာ ဂရိတွင် မိန်းကလေး၏ အစ်မဖြစ်သူ အန်နာ ပရိုကိုပန်ကို နှင့် အတူနေထိုင်သည့် တရားဝင် ယူကရိန်းအုပ်ထိန်းသူတစ်ယောက်ရှိကြောင်းလည်း သိရသည်။

ယူကရိန်းအစိုးရအရာရှိများက ရုရှားနိုင်ငံရေးသမား မီရိုနော့ဗ်နှင့်ဇနီးတို့အား အစ်မဖြစ်သူနှင့်ပြန်လည် တွေ့ဆုံနိုင်ရန် ယူကရိန်းမိန်းကလေးငယ်အား ပြန်လည်ပို့ပေးရန်တောင်းဆိုထားကြသည်။

ယူကရိန်းယောင်္ကျားလေးမှာမူ မီရိုနော့ဗ်၏ဇနီးက ရုရှားသို့ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ သို့သော် တစ်ပတ်အတွင်းမှာပင် မီရိုနော့ဗ်နှင့် ဇနီးတို့က ပစ်ပယ်ထားခဲ့ကြသည်ဟုဆိုသည်။ ထိုစဉ်က အသက်နှစ်နှစ်ရှိပြီး ယခုအခါ လေးနှစ်ခန့်ရှိပြီဖြစ်သည့် အီလျာ ဗက်ရှ်ရှန်ကို အမည်ရှိ ယူကရိန်းကလေးငယ်မှာ မမွေးချင်တော့သည့် ကြောင်ပေါက်စတစ်ကောင်ကို လမ်းဘေးစွန့်ပစ်သလို စွန့်ပစ်ခံခဲ့ရသည်ဟု ယူကရိန်းမီဒီယာ TSN TV က ဖော်ပြခဲ့ကြသည်။ ယူကရိန်းပါလီမန် လူ့အခွင့်အရေးအရာရှိ ဒီမီထရို လူဘီနက်စ်က အီရီနာ ဗာလာမိုဗာက ထိုယောင်္ကျားလေးငယ်တွင် ရောဂါတစ်ခုရှိသည်ကို စစ်ဆေးတွေ့ရှိရပြီးနောက် ကလေးကို စွန်ံပစ်ခဲ့ခြင်းဟုလည်း ပြောခဲ့သည်။

အဆိုပါယောင်္ကျားလေး၏ ကံကြမ္မာကို မည်သို့ရှိသည် အတိအကျမသိရသေးသော်လည်း ၎င်းအတွက် မော်စကိုမြို့အနီးတွင် မွေးဖွားသည်ဟု မွေးစာရင်းကို အသစ်ပြန်လည်ပြုလုပ်ခဲ့ကြသည်ကို တွေ့ရသည်။ ယူကရိန်းနိုင်ငံ ရှေ့နေချုပ်ရုံး၏ ကလေးသူငယ်ကာကွယ်ရေးဌာနအကြီးအကဲက အဆိုပါယူကရိန်းကလေးငယ်နှင့်ပတ်သက်၍ သတင်းအချက်အလက် မရရှိခဲ့ကြောင်းပြောခဲ့သည်။

မာဂါရီတာ၏အစ်မဖြစ်သူ အန်နာမှာ ယခုအခါ ၁၁ နှစ်ခန့်ရှိပြီဟုသိရပြီး မွေးစားမိခင် ဒါရီယာ ရီပီနာ နှင့်အတူနေထိုင်ကြောင်းလည်း သိရသည်။ ဒါရီယာက ညီအစ်မနှစ်ဦးစလုံး၏ ဥပဒေကြောင်းအရ အုပ်ထိန်းသူဖြစ်ကြောင်းလည်းသိရသည်။ ၎င်းက”မာဂါရီတာက အသက်ရှင်နေသေးပြီးမွေးစားခံထားရတယ်ဆိုတာသိရတော့ ကျွန်မဝမ်းသာမိတယ်။ ဒါဆိုရင် ကျွန်မတို့သူ့ကိုပြန်ခေါ်လို့ရတာပေါ။ ကလေးတွေကို ပြန်လည်တွေ့ဆုံပြီး မိသားစုတစ်စုထဲမှာ အတူတူကြီးပြင်းကြစေချင်တယ်” ဟုပြောခဲ့သည်။

ရှေ့နေတစ်ဦးဖြစ်သည့် မာရီယာ ချတ်ရှ်ချီလိုဗာက “ ကလေးငယ်တွေကို လူသားအုပ်စုတစ်ခုကနေ နောက်တစ်ခုကို အဓမ္မပြောင်းရွှေ့ရောက်စေတဲ့ မီရိုနော့ဗ်ရဲ့အပြုအမူက လူမျိုးတုံးသတ်ဖြတ်မှုလို့ ခေါ်ရလောက်တဲ့အထိဖြစ်နေတယ်” ဟုပြောခဲ့သည်။

Ref- Metro.co.uk

Leave a Reply

Your email address will not be published. Required fields are marked *