၂. ၅. ၂၀၂၄
Written by Hey Mar

ပဲခူး-ရန်ကုန် ပြေးဆွဲတဲ့ ကမ္ဘာကျော် ခရီးသည်တင်ယာဥ်လိုင်းက ယာဥ်တစ်စီး မီးလောင်မှု ဒီနေ့ မေလ ၂ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၅၃)ရပ်ကွက်အနီး အမှတ်(၂)လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က ကားမှာ အရှိန်ပြင်းမောင်းနှင်လာတာကြောင့် အပူချိန်တက်ပြီး အင်ဂျင်ခန်းက စတင်မီးလောင်တာလို့ သိရပါတယ်။ကားမှာ ခရီးသည်အပြည့်ပါလာပြီး မတ်တပ်စီးခရီးသည်လည်းပါတယ်လို့ သိရပါတယ်။

အဆိုပါ ယာဥ်ပေါ်ပါ ခရီးသည် အမျိုးသားတစ်ဦးက”ကားက အရှိန်မြန်မြန်မောင်းတာ။ အပူရှိန်များပြီး မီးခိုးတွေထွက်လာတာ။ ကျွန်တော်က ကားနောက်ဆုံးခုံတန်းရဲ့ အရှေ့မှာရပ်နေတာ။ ညှော်နံ့တွေထွက်ပြီး ပူလာတော့ ကားမီးလောင်နေပြီ ပြောမိလို့ ခရီးသည်တွေကတောင် ရန်တွေ့ကြသေးတယ်။ အစကတော့ ကားသမားက ရိုးရိုး Heat တက်တာတဲ့။ မီးခိုးတအားများလာတော့ ကားပေါ်ကလူတွေအကုန်ပြေးဆင်းကြတာပဲ။ ပြေးဆင်းပြီးမကြာပါဘူး တစ်မိနစ်လောက်ပဲကြာတယ်။ မီးစစွဲတာပဲ”လို့ ဖြစ်စဥ်မှာ သူကြုံတွေ့ခဲ့ရတာကို ပြောပြပါတယ်။

အဆိုပါ ကားမီးလောင်မှုကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ကြပြီး ၅ နာရီ ၉ မိနစ်အချိန်မှာ မီးငြိမ်းတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *