၂. ၅. ၂၀၂၄
Written by Hey Mar

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ပေါ်က စစ်ဘေးရှောင်စခန်းတချို့က ကလေးငယ်တချို့ ရေကျောက်ပေါက်တဲ့ လက္ခဏာ မျိုးဖြစ်ပေါ်နေတာမို့ သီးသန့်ခွဲထုတ်ကာ စောင့်ကြပ်ကြည့်ရှုပြုစုကုသမှုတွေ ပြုလုပ်ပေးနေတယ်လို့ နဂါးရုံ စစ်ဘေးစခန်းမှ တာဝန်ရှိသူ ကိုကျော်သူရက ဆိုပါတယ်။

စခန်းမှာ ရေကျောက်ပေါက်တဲ့ ဝေဒနာခံစားနေရတဲ့ အသက် ၁၀ နှစ်အောက်ကလေးငယ် ၁၀ ဦးခန့်ရှိနေပြီး စခန်းရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဥ်နဲ့ပဲ လတ်တလောမှာတော့ ကုသပေးနေတယ်လို့ သိရပါတယ်။

“ပြင်းထန်တော့ မပါပါဘူး။ အနာလုံးတွေ တက်နေတဲ့ ကလေးတွေကိုတော့ သေချာလည်း ဂရုစိုက်ရပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေကလည်း စေတနာ့ဝန်ထမ်းအဖြစ် နဂါးရုံကို လာရောက်ကြည့်ရှု ကုသပေးပါတယ်။ လတ်တလောတော့ စိုးရိမ်စရာမရှိပါဘူး”လို့ ကိုကျော်သူရက MT News ကို ပြောပါတယ်။

ရာသီဥတု ပူပြင်းတာကြောင့်ရော လျှပ်စစ်မီးပြဿနာကြောင့်ပါ သုံးရေ ချိုးရေ အခက်အခဲတွေလည်း စစ်ဘေးရှောင်စခန်းတွေမှာ ကြုံတွေ့နေကြရပြီး အရှင်စန္ဒောဘာသ ဦးစီးတဲ့ ရွှေမင်းဝံ စစ်ဘေးရှောင်စခန်းမှာလည်း အလားတူ ပြဿနာနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

“စခန်းက ကလေးတွေ မိတ်ကြီးယားနာလိုမျိုးပေါ့ ပေါက်ကြတာပဲ။ ဦးဇင်းတို့က မြန်မာ့နည်းမြန်မာ့ဟန် သနပ်ခါးနဲ့ ခရေခြောက် လိမ်းပေးကြတယ်။ အသားအေးအောင်လို့။ ပြဿနာက မီးမလာ ရေပြတ်။ ရေတင်ဖို့ မီးစက် ဦးဇင်းတို့ဆီ လိုအပ်ပါတယ်။ ရေပြဿနာကြောင့် ချိုးရေ သုံးရေ၊ အပေါ့အလေး သွားတာကအစ အခက်တွေ့တော့ ဆီးချုပ် ဝမ်းချုပ်တွေလည်းဖြစ်ကြတယ်”လို့ မိန့်ပါတယ်။

ကလေးတွေမှာ အဖြစ်များတဲ့ ရေကျောက်က တစ်ပတ်ကြာရင် ပျောက်ကင်းသွားပေမယ့် တချို့မှာ ကုတ်ခြစ်မိတာတွေကြောင့် အနာထဲ ပိုးဝင်ပြီး အန္တရာယ်ရှိနိုင်တယ်လို့ သိရပါတယ်။

အခု စစ်ဘေးရှောင်စခန်းတွေမှာ ဖြစ်နေတဲ့ ရေကျောက်လက္ခဏာကလေးငယ်တချို့ ဖျားနာတာရှိပေမယ့် တချို့လည်း အနာသာပေါက်ပြီး ဖျားနာခြင်းမရှိဘူးလို့ သိရပါတယ်။

ရေကျောက်က အဖုတွေကနေ ထွက်တဲ့ သံကာရည်၊ချောင်းဆိုးနှာချေရာမှာထွက်တဲ့ တံတွေး၊ နှပ်အစက်လေးတွေကနေ ကူးနိုင်ပြီး ရောဂါပိုးရှိနေနိုင်တဲ့ အရာဝတ္တုတွေကို ကိုင်မိတာတွေကနေ ကူးစက်နိုင်တယ်လို့ သိရပါတယ်။ (ပုံစာ – နဂါးရုံစစ်ဘေးရှောင်စခန်းမှ ကလေးငယ်များပုံံရိပ်)

Leave a Reply

Your email address will not be published. Required fields are marked *