၂.၅.၂၀၂၄
Written by TZ

မေလ ၂ ရက် နံနက်ခင်းအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့အထွက် သိမ်တော်အနီးတွင် ဟိုက်ဂျက်ယာဥ်နှင့်အန်စာတုံးယာဥ်တို့အရှိန်လွန်၍ မျက်နှာချင်းဆိုင်တိုက်မိရာ ယာဥ်ခေါင်းခန်းတွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦးမှာ ထိုယာဥ်ခေါင်းခန်းထဲ၌ညပ်၍ ဒဏ်ရာအပြင်းအထန်ရရှိပြီး အခင်းနေရာ၌သေဆုံးသွားကြောင်း သိရသည်။

စစ်ကိုင်းမြို့ဘက်မှ ထွက်လာသည့် ဟိုက်ဂျက်ယာဥ်နှင့် မုံရွာဘက်မှ ထွက်လာသည့် အန်စာတုံးယာဥ်တို့ အရှိန်လွန်၍ မျက်နှာချင်းဆိုင်တိုက်မိရာ ဟိုက်ဂျက်ယာဥ်၏ ခေါင်းခန်းတွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦးမှာ ယာဥ်တိုက်မှုကြောင့် ခေါင်းခန်းတွင် ညပ်နေသည်ကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့်အတူ အိုးဘို Rescue အသင်း၊ စစ်ကိုင်း Sert အသင်း၊ ပညာမောင်အသင်းတို့မှကူညီပြီး ကူညီကယ်ထုတ်ပေးသော်လည်း ထိုအမျိုးသားမှာ အခင်းနေရာ၌သေဆုံးသွားခြင်းဖြစ်သည်။

“မျက်နှာချင်းဆိုင်တိုက်မိတာ။ ကားခေါင်းထဲမှာညပ်တဲ့သူက အခင်းနေရာမှာပဲ ဆုံးသွားတယ်။ မနက်က မိုးကလည်းနည်းနည်းရွာထားသေးတယ်။ စလစ်ဖြစ်ပြီး တိုက်မိတာလားမသိဘူး။ ကျန်တဲ့သူတွေကတော့ဘာမှမဖြစ်ဘူး” ဟု အိုးဘိုကျန်း မာရေးနှင့် Rescue အသင်းကြီး မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

ထိုသေဆုံးသည့် အမျိုးသားမှာ အသက် (၃၅) နှစ်အရွယ် ကိုမင်းသူဟိန်းဖြစ်ပြီး ရုပ်အလောင်းကို အိုးဘို Rescue အသင်းယာဥ်ဖြင့် စစ်ကိုင်းဆေးရုံ OPD မှတစ်ဆင့် အနောက်ဘက်ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဓာတ်ပုံ – အိုးဘိုကျန်းမာရေးနှင့် Rescue အသင်းကြီး မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *