၁.၅.၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့ရဲတပ်ဖွဲ့က မြို့ရှိ ကိုလံဘီယာတက္ကသိုလ်နှင့် နယူးယော့ခ်စီးတီးကောလိပ်ဝင်းများအတွင်း ဆန္ဒပြသမားများစခန်းချထားရာနေရာများကို ဧပြီလ ၃၀ ရက် ညနေပိုင်းက နှစ်နာရီခန့်ကြာ ဝင်ရောက်ရှင်းလင်းမှုပြုခဲ့ကြကြောင်း သိရသည်။

ရာနှင့်ချီသော ရဲတပ်ဖွဲ့ဝင်များက တက္ကသိုလ်ဝင်းအတွင်း ဝင်ရောက်လာခဲ့ကြပြီး ပါလက်စတိုင်းထောက်ခံသော ဆန္ဒပြကျောင်းသားများက ထို့မတိုင်မီတစ်ရက်က နေရာယူထားခဲ့ကြသော တက္ကသိုလ်အဆောက်အအုံအား ရှင်းလင်းခဲ့ကြခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့အရာရှိတစ်ဦးက အဆိုပါတက္ကသိုလ်နှစ်ခုမှ ဆန္ဒပြကျောင်းသားစုစုပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်းလည်း ပြောခဲ့သည်။ နှစ်ပတ်ခန့်ကြာသွားပြီဖြစ်သော ဂါဇာဒေသအရေး ဆန္ဒပြမှုများက တက္ကသိုလ်ဝင်းအတွင်း များစွာတင်းမာသည့် အခြေအနေကို ဖြစ်စေလျက်ရှိသည်။

ဗီဒီယိုပြချက်တွင် အစ္စရေးတို့၏ ဂါဇာစစ်ပွဲကို ဆန့်ကျင်ဆန္ဒပြနေသော ကျောင်းသားများ၏စခန်းဗဟိုသို့ အတားအဆီးများကိုဖယ်ရှားလျက် ရဲတပ်ဖွဲ့ဝင်များဝင်ရောက်လာသည်ကို တွေ့ကြရသည်။ ဆန္ဒပြသမားများကို လက်ထိပ်ခတ်လျက် ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြစခန်းအပြင်ရှိ ရဲကားများထံ ခေါ်ဆောင်သွားသည်ကိုလည်း တွေ့ကြရသည်။

ပါလက်စတိုင်းထောက်ခံသည့် ဆန္ဒပြကျောင်းသားများက ၎င်းတို့အား တက္ကသိုလ်ဝင်းအတွင်း ဆန္ဒပြစခန်းမှဖယ်ရှားပေးကြရန်နှင့် သို့မဟုတ်ပါက အရေးယူဆောင်ရွက်ရမည်ဟု တက္ကသိုလ်ခေါင်းဆောင်ပိုင်းက ဧပြီလ ၂၉ ရက်တွင် ပေးပို့ခဲ့သော ရာဇသံကို လျစ်လျူရှု၍ ဆက်လက်ဆန္ဒပြခဲ့ကြခြင်းလည်း ဖြစ်သည်။ ဟာမီလ်တန်ခန်းမကို သိမ်းပိုက်ဆန္ဒပြခဲ့ကြသော တက္ကသိုလ်ကျောင်းသားများအား တက္ကသိုလ်ဝင်းအတွင်းမှ နှင်ထုတ်ပစ်မည်ဟု ကိုလံဘီယာတက္ကသိုလ်၏ တာဝန်ရှိသူတို့က ခြိမ်းခြောက်လျက် ရှိသည်။

အလားတူ ပါလက်စတိုင်းထောက်ခံသည့်ဆန္ဒပြပွဲများ အမေရိကန်ပြည်ထောင်စုတွင် ကွန်နက်တီကပ်ပြည်နယ်အတွင်းရှိ ယေးလ်တက္ကသိုလ်နှင့် ရုဒ်အိုင်းလန်းပြည်နယ်တက္ကသိုလ်တို့တွင်လည်း ဖြစ်ပွားလျက်ရှိသည်။ ထို့ပြင် အဆိုပါမတည်မငြိမ်အခြေအ‌နေက အခြားသောတက္ကသိုလ်များသို့လည်း ကူးစက်ပျံ့နှံ့ လျက်ရှိသည်။ မြောက်ကယ်ရိုလိုင်းနားပြည်နယ်ရှိ UNC Chapel Hill တက္ကသိုလ်တွင် ကျောင်းသားအများအပြားဖမ်းဆီးခံခဲ့ရပြီး ဖလော်ရီဒါပြည်နယ်တက္ကသိုလ်တွင်လည်း ကျောင်းသားငါးဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

Ref- CNN

Leave a Reply

Your email address will not be published. Required fields are marked *