၃၀.၄.၂၀၂၄
Translated by Htwe Ko Tun

ဂါဇာကမ်းမြောင်စစ်ပွဲနှင့် ဆက်စပ်နေသော လအတန်ကြာသွားပြီဖြစ်သည့် စီးပွားရေးသပိတ်မှောက်မှုများအကြားဝယ် အမေရိကန်နိုင်ငံမှ အသင့်စား စားသောက်ဆိုင်ဖြစ်သည့် KFC က မလေးရှားနိုင်ငံအတွင်းရှိ ၎င်း၏ဆိုင်ခွဲ ၁၀၀ ကျော်ကို ယာယီအားဖြင့်ပိတ်ထားခဲ့ကြောင်း သိရသည်။

တရုတ်ဘာသာဖြင့်ထုတ်ဝေသော Nanyang Siau Pau သတင်းစာက မလေးရှားရှိ KFC ဆိုင်ခွဲ ၁၀၈ ဆိုင်ကိုလုပ်ငန်းများရပ်စဲထားခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။ ကီလန်တန်ပြည်နယ်မှာ အဆိုးဝါးဆုံးထိခိုက်မှုရှိခဲ့သည်ဟုဆိုရမည်ဖြစ်ပြီး ပြည်နယ်အတွင်း KFC ဆိုင်များ၏ ၈၀ ရာခိုင်နှုန်းကျော်၊ အရေအတွက်အားဖြင့် ဆိုင်ခွဲ ၂၁ ဆိုင်သို့သက်ရောက်မှုရှိခဲ့သည်။

KFC ကပိုင်ဆိုင်၍ မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်းနှင့် ကမ္ဘောဒီးယားတို့တွင် ဖွင့်လှစ်ထားသော QSR Brands ဆိုင်များကိုလည်း မလေးရှားနိုင်ငံတွင် ခေတ္တလုပ်ငန်းဆိုင်းငံ့ထားလိုက်ပြီဖြစ်ကြောင်း ဧပြီလ ၂၉ ရက် သတင်းများအရ သိရသည်။ သို့ရာတွင် KFC က ပိတ်လိုက်သော ဆိုင်ခွဲများမှ အလုပ်သမားများအနေနှင့် အလုပ်အကိုင်များရှိသော အခြားဆိုင်များသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်နိုင်ရန် ကုမ္ပဏီက ကူညီဆောင်ရွက်ပေးမည့်အခွင့်အလမ်းကို ကမ်းလှမ်းပေးထားသည်။

KFC က မလေးရှားနိုင်ငံတွင် နှစ် ၅ဝ ကျော်ကြာဖွင့်လှစ်ခဲ့ပြီး အရည်အချင်းပြည့်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုလုပ်ငန်းတို့ကို စားသုံးသူများက တွက်ချက်ဖြည့်ဆည်းခဲ့ကြောင်း၊ မလေးရှားနိုင်ငံအတွင်း KFC အသင်းအဖွဲ့ဝင် ၁၈,၀၀၀ အတွက် အလုပ်နေရာများရစေကာ မလေးရှားစီးပွားရေးကို ကူညီပံ့ပိုးခဲ့ကြောင်း၊ ၎င်းတို့အနက် ခန့်မှန်း ၈၅ ရာခိုင်နှုန်းက မွတ်ဆလင်ဘာသာဝင်များဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။

သို့သော် ဤသို့ KFC ဆိုင်ခွဲများ မလေးရှားနိုင်ငံ၌ ဆိုင်းငံ့ပိတ်ထားခဲ့မှုကြောင့် သက်ရောက်ထိခိုက်ခဲ့ရသည့် အလုပ်သမားအရေအတွက်ကိုမူ ပြောကြားခြင်းမရှိပေ။

Ref- CNA

Leave a Reply

Your email address will not be published. Required fields are marked *