ကျူးလွန်သူများမှာ မြန်မာနိုင်ငံသားများဖြစ်နေ၍ မြန်မာရဲတပ်ဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုကို ထိုင်းရဲလိုလား

၃၀. ၄. ၂၀၂၄
Written by Shwe Phyo

အသက် ၂၈ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီး ဂီတီနှင့် အသက် ၈ လအရွယ်သမီးငယ်တို့သည် ခင်ပွန်းဖြစ်သူ၏ဇနီးဟောင်းက အက်ဆစ်ဖြင့်တိုက်ခိုက်ခြင်းခံရသောကြောင့် ပြင်းထန်သော ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ထိုဖြစ်စဥ်အပေါ် တရားမျှတမှုရရှိရေးအတွက် ထိုင်းလူမှုကွန်ရက်များတွင် လူသိများထင်ရှားသူတစ်ဦးဖြစ်သော ကန်တတ် ပွန်ပိုင်ဘွန်ဗီ ဆိုသူက ကူညီပေးနေကြောင်း သိရသည်။

မြန်မာအမျိုးသမီးသည် ထိုင်းနိုင်ငံတွင်နေထိုင်နေသူဖြစ်ပြီး ပြီးခဲ့သော ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့တွင် ခင်ပွန်းဖြစ်သူဇနီးဟောင်း၏ တိုက်ခိုက်ခြင်းကိုခံခဲ့ရခြင်းဖြစ်ကြောင်း၊ အက်ဆစ်ဖြင့်တိုက်ခိုက်ခံရခြင်းကြောင့် နားရွက်တွင်ပြင်းထန်သော ဒဏ်ရာများရရှိခြင်း၊မျက်နှာလည်း ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ခြင်း၊ လက်တစ်ဖက်လည်း အသုံးပြုလို့မရဘဲ ဆုံးရှုံးခဲ့ခြင်းများဖြစ်ခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြထားသည်။

တိုက်ခိုက်မှုဖြစ်ပွားချိန်က အသက် ၂ လအရွယ်သာရှိသေးသော ကလေးငယ်၏မျက်လုံးနှစ်ဖက်လည်း အမြင်ကွယ်ခြင်းများဖြစ်ခဲ့ရသလို မျက်နှာနှင့် ခန္ဓာကိုယ်များလည်း ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ကြောင်း သိရသည်။

မြန်မာအမျိုးသမီးနှင့် သမီးငယ်တို့သည် အက်ဆစ်ဖြင့်တိုက်ခိုက်ခံရချိန်တွင်အသက်ရှင်လွတ်မြောက်ခဲ့သော်လည်း ဆေးဝါးကုသရန်အတွက် စိန်ခေါ်မှုများရင်ဆိုင်ခဲ့ရကြောင်း သိရသည်။ မြန်မာအမျိုးသမီးသည် ဆေးရုံမှဆင်းချိန်တွင် မြန်မာအာဏာပိုင်များထံ တိုင်တန်းသွားမည်ဖြစ်သလို ထိုင်းနိုင်ငံကန်ချာနာဘူရီ ပြည်နယ်တွင် ထိုင်းရဲတပ်ဖွဲ့ထံ တိုင်တန်းသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအက်ဆစ်ဖြင့်တိုက်ခိုက်မှုတွင် ပါဝင်ဆက်နွှယ်နေသူများသည် မြန်မာနိုင်ငံသားများဖြစ်သည့်အတွက် ထိုင်းရဲတပ်ဖွဲ့က တရားခံကို ဖမ်းဆီးအရေးယူနိုင်ရေး မြန်မာရဲတပ်ဖွဲ့က အပြည့်အဝအကူအညီပေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို လိုလားနေကြောင်း သိရသည်။

REF, pattayamail

Leave a Reply

Your email address will not be published. Required fields are marked *